နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ၏ (၄/၂၀၂၃) ကြိမ်မြောက်အစည်းအဝေး ကျင်းပ

နေပြည်တော် ၊ စက်တင်ဘာ ၈

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ၏ (၄/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနအကြီးအကဲများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၁၂-၆-၂၀၂၃ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည့် အခြေခံစားသုံးကုန်စည် များတိုးမြှင့်ထုတ်လုပ်ရေးအစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်က “ဒေသတွင်း အသား၊ ငါး လိုအပ်ချက်များရှိနေခြင်းကြောင့် ကုန်ဈေးနှုန်းကြီးမြင့်နေသည့်အပေါ် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်၍ ဒေသအလိုက်စားရေးကို အဓိကထောက်အကူပြုစေရန်အတွက်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ပေးထားပြီးဖြစ်သဖြင့် ထိရောက်စွာအသုံးချရန်လိုကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် စားရေး လို အပ်ချက်ကို လုံလောက်စွာထုတ်လုပ်၍ ရောင်းလိုအားနှင့်ဝယ်လိုအား မျှတမှုရှိစေရေး ဦးစားပေး ဆောင်ရွက်ရန်လိုကြောင်း” တို့ကို လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌက ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်မှ ၂၇ ရက်အထိ ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေအတွင်း ပြုပြင်ထိန်းသိမ်းထားရှိမှုအခြေအနေများအား သွားရောက်စစ်ဆေးခဲ့သည့်ခရီးစဉ်တွင်လည်း “နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများအား စနစ်တကျထုတ်ပေးပြီး ပြန်လည်ကောက်ခံခြင်းများကိုလည်း အလေးထားဆောင်ရွက်ရန်” လမ်းညွှန်မှာကြားခဲ့ပါကြောင်း။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှထုတ်ပေးထားသည့် ကျပ် (၄၅၂) ဘီလီယံအနက် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်အထိ ထုတ်ချေးပြီးစီးမှုမှာ ကျပ် ၂၉၂.၂၇၈ ဘီလီယံ ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ချေးငွေများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မှ ထိရောက်စွာထုတ်ချေးပေးရန်နှင့် ချေးငွေများကို လုပ်ထုံးလုပ်နည်းများနှင့်အညီစနစ်တကျ ထုတ်ချေးခြင်းနှင့်ပြန်လည်ကောက်ခံခြင်းများကို ကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ရန်ပုံငွေမှထုတ်ပေးထားသည့် အရင်းမပျောက်မတည်ငွေများကို မပျောက်ပျက်စေဘဲ တိုးပွား လာစေရန်နှင့် အကျိုးရှိစွာ စနစ်တကျအသုံးချနိုင်ရေးအတွက် ဝိုင်းဝန်းကြိုး ပမ်းဆောင်ရွက်ပေး ကြစေလိုကြောင်း။

ဆက်လက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနှင့် ဘဏ္ဍာရေးစည်းမျဉ်းများပြင်ဆင်ရေး၊ ရခိုင်ပြည်နယ်အစိုးရမှတင်ပြသည့် ဆိုင်ကလုန်း မိုခါတိုက်ခတ်မှုကြောင့် ခေတ္တရပ်ဆိုင်းထားခဲ့သော ချေးငွေထုတ်ချေးခြင်းလုပ်ငန်း စဉ်အား ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး၊ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေး၊ ချေးငွေပမာဏသတ်မှတ်ချက် ကျော်လွန်၍ ထုတ်ချေးထားသောချေးငွေများကို ချေးငွေစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရေးကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသော နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ကော်မတီအဖွဲ့ဝင်များက  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ နွေစပါး၊ ပဲတီစိမ်းချေးငွေထုတ်ချေးခဲ့မှုနှင့် ပြန်လည်ကောက်ခံရရှိမှု၊ မိုးစပါးချေးငွေ ထုတ်ချေးပြီးစီးမှု၊ ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေး ချေးငွေထုတ်ချေးထားမှု၊ ဆောင်းသီးနှံချေးငွေ အချိန်မီထုတ်ချေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားမှု၊ ချေးငွေများထုတ်ချေးရာတွင် တွေ့ကြုံရသည့်အခက်အခဲများကို ဖြေရှင်းဆောင်ရွက် နိုင်ရေး၊ ချေးငွေထုတ်ချေးရေးလုပ်ငန်းစဉ်များအား ကြီးကြပ်ဆောင်ရွက်ရေးနှင့် ပြန်လည်သုံး သပ်ရေးကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရာ ကော်မတီဥက္ကဌက လိုအပ်သည်များအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်