နေပြည်တော် မတ် ၂၁
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း သုံးသပ်မှုအစီရင်ခံရေးအဖွဲ့၏ (၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက် နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၂) အစည်း အဝေးခန်း၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်းတို့မှ လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
ရှေးဦးစွာ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အစည်းအဝေးသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၏ နောက်ဆုံးအစည်းအဝေးဖြစ်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဆောင်ရွက်ချက်များအား သုံးသပ်ရန် နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်း ဆွေးနွေးရန်ဖြစ်ကြောင်း၊ မိမိတို့အဖွဲ့အနေဖြင့် လုပ်ငန်းကော်မတီသို့ အစီရင်ခံစာ (၃)စောင်နှင့် အစည်းအဝေး အမှာစာ(၁)စောင် တင်ပြခဲ့ကြောင်း၊ ထိုသို့တင်ပြခဲ့သည့် အစီရင်ခံစာ များအနက် သက်ရောက်မှုမြင့်မားသည့် MSME လုပ်ငန်း(၆)မျိုး၏ သက်ရောက်မှုများနှင့် ပတ်ဝန်းကျင် ထိခိုက်မှု လျော့ပါးစေရေးနည်းလမ်းများအား လုပ်ငန်းရှင်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်နိုင်ပါရန် MSME အေဂျင်စီသို့ ဖြန့်ဝေခဲ့ကြောင်း၊ အထောက်အကူပြု လုပ်ငန်းအဖွဲ့ (၄)ဖွဲ့က MSME ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်းသည့် အစီရင်ခံစာ စုစုပေါင်း (၁၈) စောင် တင်ပြခဲ့ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနည်းတူ ယခုလာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် Timeline and Schedule ရေးဆွဲဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေး အဖွဲ့အနေဖြင့် အထောက်အကူပြုအဖွဲ့များ၏ တင်ပြချက်များအပေါ် မူတည်၍ လုပ်ငန်းကော်မတီ သို့ အစီရင်ခံစာတင်ပြမည့် Timeline and Schedule ကို ရေးဆွဲသွားမည်ဖြစ်ကြောင်း၊ နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု အဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ၌ MSME ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ အေဂျင်စီ၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့တို့နှင့် ပူးပေါင်း၍ ပြခန်းခင်းကျင်းပြသခဲ့ကြောင်း၊ အဆိုပါပြခန်းတွင် မိမိတို့အဖွဲ့၏ ဆောင်ရွက်ချက်များ၊ မှတ်တမ်းဓာတ်ပုံများ၊ လုပ်ငန်းကော်မတီသို့ အစီရင်ခံ တင်ပြခဲ့သည့် အစီရင်ခံစာများနှင့် ဗဟိုစာရင်းအင်း အဖွဲ့ကပြုစုသည့် MSME လုပ်ငန်းစစ်တမ်း အစီရင်ခံစာများကို ခင်းကျင်းပြသခဲ့ကြောင်း၊ MSME လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များ ပါဝင်သော Pamphlet နှင့် သက်ရောက်မှုမြင့်မားသည့် MSME လုပ်ငန်း (၆) မျိုး၏ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများနှင့် ပတ်ဝန်းကျင်ထိခိုက်မှု လျော့ပါးစေရေးနည်းလမ်းများ စာအုပ်များကိုလည်း တိုင်းဒေသကြီး/ ပြည်နယ် စီးပွားရေးရာ ဝန်ကြီးများနှင့် ပြခန်းကို လာရောက်ကြည့်ရှုလေ့လာသည့် အများပြည်သူများသို့ ဖြန့်ဝေပေးနိုင် ခဲ့ကြောင်းနှင့် ယနေ့အစည်းအဝေးတွင် အဖွဲ့ဝင်များအနေဖြင့် လာမည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့်ကိစ္စများနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးပေးကြရန်ဖြစ်ကြောင်း ပြောကြားပါ သည်။
ထို့နောက် လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ အတွင်းရေးမှူးက လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေး အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ အထောက်အကူပြုလုပ်ငန်းအဖွဲ့ (၄)ဖွဲ့က အဖွဲ့တစ်ခုချင်းအလိုက် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပါသည်။
ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက အစီရင်ခံစာများ ပြုစုရာတွင် Data ခိုင်မာမှုရှိစေရေး အလေးထားဆောင်ရွက်ရန်နှင့် နယ်ပယ်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ ထည့်သွင်းစဉ်းစားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
သတင်းစဉ်