နေပြည်တော် ၊ ဧပြီ ၂၂
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲများ၌ အငြိမ်းစားဝန်ထမ်းများ အား ပင်စင်လစာငွေများထုတ်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပါသည်။
မြန်မာ့သင်္ကြန်နှင့် မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်ရှည်ကာလပြီးဆုံးပြီးနောက် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် မြန်မာ့စီးပွားရေးဘဏ်များအနေဖြင့် ပင်စင်လစာထုတ်ပေးခြင်းအပါအဝင် ဘဏ်လုပ်ငန်းဆောင်တာများကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိပါသည်။
မြန်မာ့စီးပွားရေးဘဏ်၊ ပျဉ်းမနားမြို့နယ်ဘဏ်ခွဲတွင် ပင်စင်စာဝန်ထမ်း (17467) ဦးနှင့် ပုဗ္ဗသီရိမြို့နယ်ဘဏ်ခွဲတွင် ပင်စင်စားဝန်ထမ်း (၆၀၀၈) ဦး ရှိပြီး၊ ယင်းတို့၏ ပင်စင်လစာထုတ်ပေး မှုများကို မြန်မာ့စီးပွားရေးဘဏ်များက စနစ်တကျဝန်ဆောင်မှု ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့စီးပွားရေးဘဏ် ပျဉ်းမနားနှင့် ပုဗ္ဗသီရိမြို့နယ်ဘဏ်ခွဲများတွင် အငြိမ်းစားဝန်ထမ်းများသို့ ပင်စင်လစာငွေများထုတ်ပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပါသည်။ ထို့နောက် ပင်စင် လစာများလာ ရောက်ထုတ်ယူကြသော အငြိမ်းစားဝန်ထမ်းများအား အလှူရှင်များက လှူဒါန်း ဧည့်ခံကျွေးမွေးမှုကို အားပေးကြည့်ရှုခြင်း၊ အငြိမ်းစားဝန်ထမ်းများနှင့် ဘဏ်ဝန်ထမ်းများအား စားသောက်ကုန်များ ပံ့ပိုးပေးခြင်းများ ဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ငလျင်ဘေးဒဏ်ကြောင့် ပျဉ်းမနားမြို့နယ်ဘဏ်ခွဲ၏ ထိခိုက်ပျက်စီးမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး၊ မွမ်းမံပြင်ဆင်နေမှုအခြေအနေများအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲများအနေဖြင့် မြေငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးမှုများကို အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်အောင် ပြင်ဆင်ဆောင်ရွက်ခဲ့ကြပြီး၊ ဘဏ်လုပ်ငန်းများ၊ အငြိမ်းစားဝန်ထမ်းများအတွက် အငြိမ်းစားလစာများကို e-Pension ကတ်ဖြင့် ထုတ်ပေးခြင်းနှင့် အခြားဘဏ်ခွဲများတွင် ထုတ်ယူရရှိနိုင်ရေးကိစ္စများကို ပုံမှန်ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်