စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၆/၂၀၂၄-၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တက်ရောက်လမ်းညွှန်မှာကြား

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ အရာထမ်းများလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးမွမ်းမံ သင်တန်းအမှတ်စဉ် (၆/၂၀၂၄-၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့ ၁၆:၀၀ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေရှိ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ သင်တန်းကျောင်း၌ ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း တက်ရောက်၍ လမ်းညွှန်အမှာ စကားပြောကြားပါသည်။

သင်တန်းဖွင့်ပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊  ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ပါသည်။

ဒုတိယဝန်ကြီး က နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ရာထူးအဆင့်ဆင့်တိုးမြင့် တာဝန်ထမ်းဆောင်ရာတွင် မိမိတို့ရာထူးများအလိုက် ရှိသင့်သည့် အရည်အချင်း၊ ကျွမ်းကျင်မှု၊ အတွေးအခေါ်၊ စိတ်နေစိတ်ထားတို့နှင့် ပြည့်စုံရန်လိုအပ်ကြောင်း၊ ဉာဏစွမ်းအားဖြင့် ဆောင်ရွက်နေကြသူများဖြစ်သည့် အတွက် လေ့ကျင့်မှုမှ ကျွမ်းကျင်မှု ရရှိရန်လိုအပ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်ပျိုးထောင်ရာတွင် အသိပညာ၊ အတတ်ပညာများသာမက မှန်ကန်သည့် အတွေးအခေါ် မြော်မြင်မှုရှိရန်လည်း လိုအပ်ကြောင်း၊ မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များကို ရေးဆွဲပြီး စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း၊ ယခုအချိန်သည် အမျိုးသားစီမံကိန်းဥပဒေနှင့် ဒေသန္တရစီမံကိန်းဥပဒေများ ရေးဆွဲနေသည့်ကာလဖြစ်ပြီး စီမံကိန်းဥပဒေများတွင် ထည့်သွင်းလျာထားမည့် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုများနှင့် လုပ်ငန်းစဉ်များကို ချိတ်ဆက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သင်တန်းမှပို့ချမည့် ဘာသာရပ်များကို လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများနှင့် ပေါင်းစပ်၍ မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားစေလိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အားလျော်စွာ မိမိတို့ ရာထူးအလိုက် ပေးအပ်လာသည့်တာဝန်များကို ဟန်ချက်ညီညီ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းစသည်ဖြင့် လမ်းညွှန်မှာကြား ပါသည်။
အဆိုပါ သင်တန်းကို ရက်သတ္တပတ် ၃ ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်စီမံကိန်းဦးစီးရုံး (၈) ခုတို့မှ သင်တန်းသား/သူ ၆၃ ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်