နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးတို့နှင့် စပ်လျဉ်းသော ဖွံ့ဖြိုးမှုစီမံကိန်းအရပ်ရပ်ကို စိစစ်ပြုစုရေးဆွဲခြင်း၊ နိုင်ငံတော်၏ စီးပွားရေးစာချုပ်များကို စိစစ်ခြင်း၊ စီမံကိန်းများညှိနှိုင်းခြင်းနှင့် နိုင်ငံတော်မှ ပြောင်းလဲကျင့်သုံးသော စီးပွားရေးစနစ်သစ်နှင့် လိုက်လျောညီထွေစွာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်လျက်ရှိသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ကွင်းဆင်း မှတ်တမ်းရယူရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို (၂၂-၅-၂၀၂၅) ရက်နေ့ မွန်းလွဲ (၁၄:၀၀) နာရီတွင် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ (B ဆောင်) ၌ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာမျိုးမင်းကြည်ဝင်းက ဦးဆောင်ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယအထွေထွေမန်နေဂျာများ၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်ရုံးခွဲများရှိ ဦးစီးဌာန၊ လုပ်ငန်း၊ အဖွဲ့အစည်းများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန် ရှိသူများကလည်း Zoom Meeting ဖြင့် တက်ရောက်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် ကွင်းဆင်းမှတ်တမ်းရယူရေးနှင့်ပတ်သက်၍ အမျိုးသားမှတ်တမ်း နှင့်မော်ကွန်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ မှတ်တမ်းများ စဉ်ဆက်မပြတ် ထိန်းသိမ်းထားရှိနိုင်ရေး အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသို့ လွှဲပြောင်းပေးခြင်းဖြင့် နောင်တစ်ချိန်တွင် ပြန်လည်ကိုးကားနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေးခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမင်းကြည်ဝင်းက နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။