စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ၂၂ ရက်နေ့၊ မွန်းလွဲ (၁၄:၀၀) နာရီအချိန်တွင် ဌာန၏အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ(ရုံးချုပ်) နှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ညွှန်ကြားရေးမှူးများ တက်ရောက်ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်က GDP တွက်ချက်ရာ၌ အခြေခံရရှိသည့် ကိန်းဂဏန်းများအပေါ် မူတည်၍ ကဏ္ဍအလိုက်ကိန်းဂဏန်းများကို စနစ်တကျစိစစ်သုံးသပ်ဆောင်ရွက်ရန်နှင့် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်သွားရန်၊ စီမံခန့်ခွဲမှုလျော့နည်းဖြစ်စဉ်များ မဖြစ်ပွားစေရေးအတွက် အဆင့်ဆင့်တာဝန်ယူပြီး ကြီးကြပ်ဆောင်ရွက်ရန်၊ ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များတွင် ရာထူးအလိုက်တာဝန်ယူရမည့် ကဏ္ဍအလိုက်တာဝန်ယူတာဝန်ခံမှုရှိစေရေးဖြင့် ဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ်စီမံကိန်းဦးစီးရုံးများမှ ညွှန်ကြားရေးမှူးများ၏ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လိုအပ်သည့်ပေါင်းစပ်ညှိနှိုင်းမှုများနှင့် လမ်းညွှန်မှုများပြုလုပ်ကာ အစည်းအဝေးကို ညနေ (၁၆:၄၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။