တိုင်းဒေသကြီး/ပြည်နယ်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

,

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ စီမံကိန်းဦးစီးရုံးအဆင်ဆင့်၏  စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ကုန်ခန့်မှန်းခြေနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရေးဆွဲရေးဆိုင်ရာကိစ္စရပ်များ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့်ဆောင်ရွက်ရန် တိုင်းဒေသကြီး/ပြည်နယ်များမှအဆိုပြုထားသည့် လုပ်ငန်းနှင့်လုပ်ငန်းစီမံကိန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီ အချိန်တွင် ဌာန၏အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ပါသည်။

အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကဏ္ဍဆိုင်ရာ ညွှန်ကြားရေးမှူးများ (ရုံးချုပ်)နှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ညွှန်ကြားရေးမှူးများ တက်ရောက်ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်က ငွေလုံးငွေရင်းအသုံးစရိတ်များနှင့်စပ်လျဉ်း၍ ကြိုတင်ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ လုပ်ငန်းစီမံကိန်းများ၊ စိစစ်သုံးသပ်မှုများ၊ GDP နှင့်ပတ်သက်၍ မိမိတို့တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သက်ဆိုင်ရာဌာနများမှပေးပို့လာသည့် အသေးစိတ်စာရင်းစိစစ်ခြင်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လမ်းညွှန်မှာကြားပါသည်။

ဆက်လက်၍ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကိုလည်း စနစ်တကျလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ငွေကြေးသုံးစွဲမှုများကို စနစ်တကျမှတ်တမ်းထားရှိပြီးဆောင်ရွက်ရန်လိုအပ်ကြောင်း စသည်တို့ကို လမ်းညွှန်မှာကြားပါသည်။

ထို့နောက် တိုင်းဒေသကြီး/ပြည်နယ်စီမံကိန်းဦးစီးရုံးများမှ ညွှန်ကြားရေးမှူးများက ဒေသအလိုက်ဆောင်ရွက်မှုများကို ပြန်လည်ဆွေးနွေးပါသည်။ ညွှန်ကြားရေးမှူးချုပ်ကလိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများနှင့် လမ်းညွှန်မှုများပြုလုပ်ကာ အစည်းအဝေးကို နေ့လည် (၁၄:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။