နေပြည်တော်၊ ဇန်နဝါရီလ ၂၂
မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်အနေဖြင့် လိုအပ်သောငွေကြေးထောက်ပံ့မှုများကို ကူညီပံ့ပိုး ပေးနိုင်ရန် SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၁ ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက် ခဲ့ပြီး နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၂ ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင်ကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ SME နှစ်ဆင့်ချေးငွေစီမံကိန်းတွင် အသေးစားနှင့် အလတ် စားစီးပွားရေးလုပ်ငန်းများ ဘဏ်ချေးငွေရရှိရေးလုပ်ငန်းအဖွဲ့ (Working Committee) (၁/၂၀၂၅) အစည်းအဝေးအား (၂၂-၁-၂၀၂၅)ရက်နေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ် မှ တက်ရောက်ဆွေးနွေးမှာကြားပါသည်။
SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၁ ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင် ဆောင်ရွက် ခဲ့ပြီး စီမံကိန်းအဆင့်-၂ ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ကြောင်း၊
စီမံကိန်းအဆင့်-၁ တွင် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း များဖြစ်သော PFI ဘဏ် (၆) ဘဏ်မှတစ်ဆင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ SME လုပ်ငန်းရှင် (၆၆၃)ဦးသို့ ချေးငွေကျပ် (၁၅၇.၂၄၃) ဘီလီယံထုတ်ချေးခဲ့ပြီးဖြစ်ပါကြောင်း၊ စီမံကိန်း အဆင့်-၂ တွင် ငွေရေးကြေးရေး ဆိုင်ရာပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများ ဖြစ်သော PFI ဘဏ်(၁၁)ဘဏ်မှ တစ်ဆင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ SME လုပ်ငန်းရှင်(၁၉၃၆)ဦးသို့ ချေးငွေကျပ် (၃၈၇.၅၄၃) ဘီလီယံထုတ်ချေးခဲ့ပြီး ဖြစ်ကြောင်း၊
Working Committee အဖွဲ့ဝင်များအနေဖြင့် ယနေ့ဆွေးနွေးသည့် အချက်အလက်များ အပေါ်မူ တည်၍ နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒများနှင့် ညီညွတ်အကျုံးဝင်သည့် SME လုပ်ငန်းများ ထံသို့ အတိုးနှုန်းသက်သာသည့် SME နှစ်ဆင့်ချေးငွေများ ရောက်ရှိစေရေးနှင့် ထိရောက်စွာ သုံးစွဲနိုင်ရေး အတွက် ဆွေးနွေးပေးစေလိုကြောင်း၊ ယခုစီမံကိန်းသည့် အောင်မြင်သည့် စီမံကိန်းတစ်ခုဖြစ်သည်အပြင် SME လုပ်ငန်းများအတွက်လည်း များစွာအကျိုးကျေးဇူးဖြစ်ထွန်းပါကြောင်း၊ နိုင်ငံတော်မှ SME လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်နေချိန် ရည်ရွယ်ချက်နှင့် ကိုက်ညီသည့် စီမံကိန်း
တစ်ခုလည်းဖြစ်ကြောင်း၊ ချေးငွေများကို ပြန်လည်ပေးဆပ်သည့်အချိန်တွင် အပြည့်အဝပြန်လည် ရရှိရန်လိုအပ်ကြောင်း၊ ချေးငွေအသစ်များကိုထုတ်ချေးရာတွင်လည်း သတ်မှတ်ထားသည့် စည်းမျဉ်း/ စည်ကမ်းများ၊ မူဝါဒများနှင့် ကိုက်ညီစေရန် စနစ်တကျ စိစစ်ထုတ်ချေးရန်လိုအပ်ကြောင်း၊
မြန်မာ့စီးပွားရေးဘဏ်အပါအဝင် PFIs ဘဏ်များအနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒဖြစ်သည့် သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများ၊ ဒေသထွက် ကုန်ကြမ်းများကို အခြေခံသည့် MSME လုပ်ငန်းများကို ဦးစားပေးထုတ်ချေးနိုင်ရေး၊ ထုတ်ချေးပြီးသည့် ချေးငွေများ NPL မဖြစ်ပေါ်စေရေးအတွက် PFIs ဘဏ်များမှ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊
တစ်ဖက်တွင်လည်း ရန်ပုံငွေစီမံခန့်ခွဲခြင်း၊ ချေးငွေထုတ်ချေးခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း လုပ်ငန်းစဉ်များကို တာဝန်ယူဆောင်ရွက်နေတဲ့ Fund Management ဆောင်ရွက်ပေးတဲ့ ငွေတိုက်ဦးစီး ဌာန၊ မြန်မာ့စီးပွားရေးဘဏ် (စီမံကိန်းကြီးကြပ်မှုအဖွဲ့)နှင့် Working Committee အဖွဲ့ဝင်များအနေဖြင့် လည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တာဝန်ရှိကြောင်း၊ ဆောင်ရွက်ဆဲဖြစ်သည့် စီမံကိန်းများ ပိုမိုအောင်မြင်စေရန် ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း၊
SME နှစ်ဆင့်ချေးငွေသည် အတိုးနှုန်းသက်သာသည့် ချေးငွေဖြစ်သည့်အတွက် ချမှတ်ထား သည့် စည်းမျဉ်း/စည်းကမ်းများ၊ နိုင်ငံတော်မှ ချမှတ်ထားသည့် ဦးစားပေးကဏ္ဍများနှင့် ကိုက်ညီသည့် SME လုပ်ငန်းများသို့ တိုးမြှင့်ထုတ်ချေးနိုင်ရေးနှင့် ပိုမိုထိရောက်စွာ သုံးစွဲနိုင်ရေးအတွက် ဆွေးနွေးတင် ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။