စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်သို့ သွားရောက်စစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၂၈ 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (ရုံးချုပ်) သို့လာရောက်၍ ဘဏ်လုပ်ငန်းဆောင်ရွက်မှုများကို လှည့်လည်ကြည့်ရှု့စစ်ဆေးသည်။
ဦးစွာဒုတိယဝန်ကြီးသည် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်ရှိ ပြည်တွင်း ဘဏ်လုပ်ငန်းဌာန၊ ငွေစုဘဏ်လုပ်ငန်းဌာန၊ ချေးငွေဌာန၊ ဘဏ်တွင်းစာရင်းစစ်ဌာန၊ ငွေရေးကြေးရေးစီမံခန့်ခွဲမှုနှင့်အဆက်အသွယ်များဌာန၊ ပို့ကုန်ဌာနနှင့် ပို့ကုန် ကုန်သွယ်မှုချေးငွေဌာန၊ သွင်းကုန်ဌာနနှင့် သွင်းကုန်ကုန်သွယ်မှုချေးငွေဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုများကို လှည့်လည် ကြည့်ရှု့စစ်ဆေးရာ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ 
ထို့နောက် ဒုတိယဝန်ကြီးသည် ဘဏ်အစည်းအဝေးခန်းမ၌ ဝန်ထမ်းများအားတွေ့ဆုံ၍ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်သည် ပြည်တွင်းလုပ်ငန်းရှင်များနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများအား ဘဏ်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန် မြန်မာနိုင်ငံငွေရေး ကြေးရေးအဖွဲ့အစည်းများဥပဒေအရ တည်ထောင်ခဲ့သည့်ဘဏ်ဖြစ်ကြောင်း၊ ဘဏ်ဝန်ဆောင်မှုပေးရာတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရန်ဖြစ်ပြီး တာဝန်ရှိသူအဆင့်ဆင့်မှ တာဝန်ယူမှု၊တာဝန်ခံမှုဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များကို အထောက်အကူပြုစေရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင်လည်း လာဘ်ပေးလာဘ်ယူမှု၊  အဂတိလိုက်စားမှုကင်းရှင်းစွာဖြင့် ဥပဒေ၊ နည်းဥပဒေပြဌာန်းချက်များနှင့်အညီ တိတိကျကျလိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ငွေရေးကြေးရေးအဖွဲ့အစည်းဖြစ်၍ စာရင်းအင်းတိကျမှန်ကန်မှုသည် အလွန်အရေးကြီးသဖြင့် အချက်အလက်များမှန်ကန်စေရေး အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်သူလူထုနှင့်ထိတွေ့ ဆောင်ရွက်နေသည့်အဖွဲ့အစည်းဖြစ်၍ ဆက်ဆံရေးကောင်းမွန်ရန်လိုအပ်ကြောင်း၊ ဘဏ်အနေဖြင့် စီမံကိန်းလျာထားချက်ပါအတိုင်း အောင်မြင်စေရေးကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း စသည်ဖြင့် မှာကြား၍  တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်းသိရှိရသည်။ 

သတင်းစဉ်