နေပြည်တော်၊ ဇန်နဝါရီ ၃
စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ခရိုင်နှင့်မြို့နယ်တာဝန်ခံများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း (၂/၂၀၂၄-၂၀၂၅) ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉:၃၀ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေရှိ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ သင်တန်းကျောင်း၌ ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း တက်ရောက်၍ လမ်းညွှန်အမှာစကားပြောကြားပါသည်။
သင်တန်းဆင်းပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ပါသည်။
ဒုတိယဝန်ကြီးက သင်တန်းတက်ရောက်ခဲ့ကြသည့် မြို့နယ်နှင့်ခရိုင်တာဝန်ခံများသည် ရုံးလုပ်ငန်းစီမံခန့်ခွဲမှုအားကောင်းရန် လိုအပ်သည့်အပြင် အောက်ခြေမှစီမံကိန်းရေးဆွဲခြင်း (Bottom-up Planning) တွင်လည်း သက်ဆိုင်ရာဒေသ၏ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များနှင့် နိုင်ငံတော်၏မူဝါဒ ကိုက်ညီမှုရှိစေရေးအတွက် ဘေးတိုက်၊ အထက်အောက်ဌာနများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စီမံကိန်းများရေးဆွဲရာတွင် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်မှုရှိစေရေး၊ ပြည်သူကိုအမှန်တကယ် အကျိုးပြုနိုင်ပြီး လက်တွေ့ကျသည့် စီမံကိန်းရေးဆွဲနိုင်ရေးကို အထူးသတိပြု ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့အားပေးအပ်ထားသည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန် ဖြစ်ကြောင်း၊ ယခုသင်တန်း၌ လေ့ကျင့်သင်ယူခဲ့ရသည့် သင်ခန်းစာများကို လက်တွေ့နဲ့ပေါင်းစပ်ပြီး ပြန်လည်အသုံးချရန်၊ မိမိလက်အောက်ရှိ ဝန်ထမ်းငယ်များကို လေ့ကျင့်ပျိုးထောင်ရန်၊ သင်တန်းကရရှိသည့်အသိပညာများကို ဆက်လက်လေ့လာသွားရန်၊ စီမံကိန်းဝန်ထမ်းများပီပီ ယူဆချက်သဘောတရား (Concept) နဲ့ ကြံဆမှု (Creativity) တို့နဲ့ ပေါင်းစပ်ဆောင်ရွက်သွားကြရန် တိုက်တွန်းလမ်းညွှန်မှာကြားပါသည်။
အဆိုပါသင်တန်းကို ရက်သတ္တပတ် ၃ ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး ခရိုင်နှင့်မြို့နယ်စီမံကိန်း ဦးစီးရုံးများမှ သင်တန်းသား/သူ ၂၉ ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်