စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော်၊ ဇွန် ၂၈
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီငါးမျိုးစိုက်ထည့်ပွဲအခမ်းအနား ကို ယနေ့၊ နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်၌ ကျင်းပရာ ဒုတိယ ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ စုစုပေါင်း (၄၀၀) ဦး တက်ရောက် ကြပါသည်။

ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို အစီအစဉ်အတိုင်းကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများက မင်္ဂလာကန် အတွင်းသို့ ကြီးထွားနှုန်းမြန်ဆန်သည့် ငါးမြစ်ချင်းနှင့် ငါးခုံးမ သားပေါက်ကောင်ရေ (၃၅,၀၀၀) ကျော် စိုက်ထည့်ပေးကြပါသည်။ 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြစ်၊ ချောင်း၊ ဆည်တမံများအတွင်း ငါးသယံဇာတများ တိုးပွားလာစေရေး၊ ငါးမျိုးပြုန်းတီးမှု မဖြစ် ပေါ်စေရေး၊ သဘာဝရေပြင်နှင့် ကန်များတွင် ငါးမျိုးများ ရေရှည်စဉ်ဆက်မပြတ်တည်တံ့ခိုင်မြဲပြီး ငါးသယံဇာတ ပေါကြွယ်ဝစေရေး၊ နိုင်ငံတော်၏ ငါးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရန် တစ်ဖက် တစ်လမ်းမှ ပံ့ပိုးပေးနိုင်ရေးနှင့် သက်ရှိလူသားများနှင့် သဘာဝပတ်ဝန်းကျင်တို့အကြား အချိုးညီစွာ တည်ရှိနေသော ဂေဟစနစ် ရေရှည်တည်တံ့နိုင်စေရေးအတွက် ရည်ရွယ်၍ ငါးမျိုးစိုက်ထည့်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်