နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ (၂/၂၀၂၄) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်  မေ ၂၇

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ (၂/၂၀၂၄) ကြိမ်မြောက် ညှိနှိုင်း အစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၆)၊ အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးထွန်းအုံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနအကြီးအကဲများ တက်ရောက်ကြသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြား ရာတွင် ၁-၁၀-၂၀၂၃ ရက်မှ ၃၁-၃-၂၀၂၄ ရက်အထိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြ ခဲ့ကြောင်း၊ ယခုအခါ မတည်ထောက်ပံ့ငွေထုတ်ပေးခဲ့မှု၊ ထုတ်ချေးပြီးစီးမှုနှင့် ချေးငွေပြန်လည်ပေး ဆပ်မှု၊ နယ်မြေဒေသအခြေအနေနှင့် မိုခါမုန်တိုင်းတိုက်ခတ်မှုတို့ကြောင့် ချေးငွေ အရင်း/အတိုး ဆိုင်းငံ့ပေးခဲ့မှုများ၊ ချေးငွေများထုတ်ချေးရာတွင် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ချေး နိုင်ရေး၊ ချေးငွေစာရင်းဇယား များကို စနစ်တကျပြုစုထားရှိရေး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ စာရင်းစစ်ဆေးဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့များသို့ သင်တန်းဖွင့်လှစ်ပို့ချခဲ့မှုအခြေအနေများအား ကော်မတီဝင်များအားလုံး စနစ်တကျသုံးသပ် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြား ပါသည်။ 

ဆက်လက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူးက  (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ယခု အစည်းအဝေးတွင် မှတ်တမ်းတင်ရန်နှင့် အတည်ပြုဆုံးဖြတ်ရမည့်ကိစ္စရပ်များကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီး ဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး တို့ကလည်းကောင်း အသီးသီးဆွေးနွေးတင်ပြကြရာ အစည်းအဝေးသို့တက်ရောက်လာကြသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဝင်များက (၂/၂၀၂၄) ကြိမ်မြောက်အစည်း အဝေးသို့ တင်ပြသည့်ကိစ္စရပ်များအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး၊ ကော်မတီဥက္ကဌက လိုအပ်သည်များအား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီးနောက် အစည်းအဝေးကို (၁၅:၁၅) နာရီတွင် ရုပ်သိမ်းခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကို ထူထောင်၍ နွေစပါး၊ မိုးစပါးနှင့် ဆီထွက်သီးနှံများ အထွက်တိုးရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ၊ ကျေးလက်ဒေသ တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနတို့နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များသို့ တာဝန်ပေးဆောင်ရွက်လျက် ရှိရာ ကျေးလက်နေပြည်သူများနှင့် တောင်သူဦးကြီးများအတွက် အကျိုးပြုစေမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်