အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၏ (၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကျင်းပ

နေပြည်တော်  မေ  ၁၄
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့၏ (၂/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၂) အစည်း အဝေးခန်း၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းတို့မှ အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
ရှေးဦးစွာ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့အနေဖြင့် (၂)လ လျှင် (၁)ကြိမ် ပုံမှန်အစည်းအဝေးများ ကျင်းပရန် လျာထားဆောင်ရွက်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အစည်းအဝေး (၅)ကြိမ် ကျင်းပနိုင်ခဲ့ပါကြောင်း၊ ယနေ့အစည်းအဝေးသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပထမဆုံးအကြိမ်ကျင်းပသည့် အစည်းအဝေးဖြစ်ပါကြောင်း၊ အဓိက အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြန်လည် သုံးသပ်ရန်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးရန် ဖြစ်ပါကြောင်း၊ အဖွဲ့၏ အထောက်အကူပြု လုပ်ငန်းအဖွဲ့ (၄)ဖွဲ့အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို Timeline ရေးဆွဲချမှတ်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် လေ့လာသုံးသပ်မှု အစီရင်ခံစာများ ပြုစုတင်ပြခဲ့ကြပါကြောင်း၊ အစီရင်ခံစာများကို လုပ်ငန်းကော်မတီသို့ အမှာစာဖြင့် တင်ပြခြင်း၊ အစည်းအဝေးတွင် ဆွေးနွေး တင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့အဖွဲ့အနေဖြင့် လုပ်ငန်းတာဝန်များကို Rolling Process ဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကဲ့သို့ပင် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်၍ အထောက်အကူပြုလုပ်ငန်းအဖွဲ့ (၄)ဖွဲ့အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မိမိတို့ ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Timeline and Schedule) များကို ပြင်ဆင်ပြုစုသွားရန် ဖြစ်ပါကြောင်း ပြောကြားပါသည်။ 
ထို့နောက် လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေး ရုံးလုပ်ငန်းအဖွဲ့က လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၏ (၁/၂၀၂၄)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ အထောက်အကူပြုလုပ်ငန်းအဖွဲ့များက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြပါသည်။ 
ဆက်လက်၍ အထောက်အကူပြုလုပ်ငန်းအဖွဲ့(၄)ဖွဲ့က အဖွဲ့တစ်ခုချင်းအလိုက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြပါသည်။ 
ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ယနေ့ဆွေးနွေးချက်များသည် ပြည့်စုံ ကောင်းမွန်ပါကြောင်း၊ နိုင်ငံတော်၏ ရည်မှန်းချက်တစ်ခုဖြစ်သည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ပံ့ပိုးပေးနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့အဖွဲ့၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်သင့်သည်များကို အထောက်အကူပြုအဖွဲ့များနှင့် ဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ အထောက်အကူပြုအဖွဲ့များအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို မိမိတို့အဖွဲ့အတွင်း ညှိနှိုင်းဆွေးနွေး၍ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့သို့ အချိန်မီတင်ပြ ပေးရန်ဖြစ်ပါကြောင်း၊ MSME လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ပြပွဲ/ပြိုင်ပွဲများ ကျင်းပပြုလုပ် မည်ဆိုပါက ၎င်းနေရာများသို့ သွားရောက်၍ Pilot Project အနေဖြင့် Survey ဆောင်ရွက်ပြီး မြေပြင်အခြေအနေများကို လေ့လာတင်ပြနိုင်လျှင် ပိုမိုထိရောက် ကောင်းမွန်မည်ဟု ယူဆ ပါကြောင်း၊ MSME Member Card နှင့် MSME Registration တို့၏ ကွဲပြားခြားနားမှုကို MSME လုပ်ငန်းရှင်များ သေချာစွာ သိရှိနိုင်ရန်အတွက် Awareness Program ကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းတို့ ချိတ်ဆက် ဆောင်ရွက်ရန်ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။              

သတင်းစဉ်

, ,