၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊အမျိုးသားစီမံကိန်းနှင့်ဒေသန္တရစီမံကိန်းများရေးဆွဲရေးနှင့် (၅)နှစ် အမျိုးသားစီမံကိန်းမူဘောင်ပြန်လည်သုံးသပ်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်  ဇန်နဝါရီ ၁၆ 
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းနှင့်ဒေသန္တရစီမံကိန်းများရေးဆွဲနိုင်ရေးနှင့် (၅)နှစ် အမျိုးသားစီမံကိန်းမူဘောင် ပြန်လည်သုံးသပ်ရေးတို့အတွက် အမျိုးသားစီမံကိန်းကော်မရှင် ဒုတိယဥက္ကဋ္ဌ (၂)၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၃၂ ၌ ကျင်းပသည်။
အစည်းအဝေးသို့ အမျိုးသားစီမံကိန်းကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များမှ ဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အမျိုးသားစီမံကိန်းကော်မရှင် ဒုတိယဥက္ကဋ္ဌ (၂)၊ ဒုတိယဝန်ကြီးချုပ် နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းရေးဆွဲရေးနှင့် (၅) နှစ် အမျိုးသားစီမံကိန်းမူဘောင် ပြန်လည်သုံးသပ်ရေး၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များနှင့် ချိတ်ဆက်ရေးဆွဲရေး၊ ရလဒ်ဖော်ထုတ်၍ ဖွံ့ဖြိုးမှုရေရှည်တည်တံ့ရေးကိုတွန်းအားပေးဆောင်ရွက်ရေး၊ ရည်မှန်းချက်များ စနစ်တကျချမှတ် ဆောင်ရွက်ရေး၊ ပို့ကုန်တိုးမြှင့်ရေးနှင့်အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရေး၊ စီမံကိန်းများကို ပြန်လည်သုံးသပ်ရေးနှင့် စောင့်ကြည့်ကြီးကြပ်မှု အားကောင်းစေရေး၊ ကဏ္ဍအလိုက်နှင့် ဒေသအလိုက်ချိတ်ဆက်မှုများ ပိုမိုအားကောင်းစေရေးနှင့် လျာထားချက်များ ပြည့်စုံမှုရှိရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းနှင့်ဒေသန္တရစီမံကိန်းများရေးဆွဲနိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီးများက အကြုံပြုဆွေးနွေးကြသည်။ ဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်