
နေပြည်တော် ဇွန်လ ၁၂
SME နှစ်ဆင့်ချေးငွေစီမံကိန်းအကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဘဏ်ချေးငွေရရှိရေး လုပ်ငန်းအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၅) အား ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၆) အစည်းအဝေးခန်းမ၌ ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်အနေဖြင့် လိုအပ်သောငွေကြေးထောက်ပံ့မှုများကို ကူညီပံ့ပိုးပေးနိုင်ရန် SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၁ ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး စီမံကိန်းအဆင့်-၂ ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ စီမံကိန်းအဆင့်-၁ တွင် ငွေရေးကြေးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်သည့်အဖွဲ့အစည်းများ (Participating Financial Institutions – PFI) ဘဏ် (၆) ဘဏ်များမှတစ်ဆင့် ၂၀၂၅ ခုနှစ်၊ မေလကုန်အထိ SME လုပ်ငန်းရှင် (၆၉၇) ဦးသို့ ချေးငွေ ကျပ် (၁၆၈.၂၆၅) ဘီလီယံထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း၊ စီမံကိန်းအဆင့်-၂ တွင် PFI ဘဏ် (၁၁) ဘဏ်များမှတစ်ဆင့် ၂၀၂၅ ခုနှစ်၊ မေလကုန်အထိ SME လုပ်ငန်းရှင် (၁၉၉၁) ဦးသို့ ချေးငွေ ကျပ် (၄၀၃.၄၅၀) ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်မှ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်နေချိန်တွင် ယခုစီမံကိန်း အကောင်အထည်ဖော်မှုများက နိုင်ငံ့စီးပွားရေးကို အဓိကအထောက်အကူပြုလျက်ရှိသည့် SME လုပ်ငန်း များအတွက် များစွာအကျိုးကျေးဇူးဖြစ်ထွန်းစေလျက်ရှိကြောင်း၊ စီမံကိန်းရည်မှန်းချက်များအား ပြည့်မီစွာ ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် ချေးငွေစည်းကမ်းများနှင့်အညီ ချေးငွေများကို သတ်မှတ်ချိန်အတွင်း ပြန်လည်ပေးဆပ်နိုင်ရေးနှင့် ချေးငွေအသစ်များကို သတ်မှတ်ထားသည့် ချေးငွေ စည်းမျဉ်း/ စည်ကမ်းများနှင့်အညီ ထုတ်ချေးနိုင်ရေး စနစ်တကျကြီးကြပ်ကွပ်ကဲဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့၏ ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ချေးငွေများထုတ်ချေးရာတွင် ကြုံတွေ့နေရသည့်အခက်အခဲများနှင့် ယင်းအခက်အခဲများကို ဖြေရှင်းနိုင်မည့်နည်းလမ်းများကို လုပ်ငန်းကော်မတီဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန်ပြောကြားသည်။
ထို့နောက် လုပ်ငန်းအဖွဲ့ဝင်များက SME နှစ်ဆင့်ချေးငွေထုတ်ပေးထားမှု၊ ချေးငွေပြန်လည်ပေးဆပ်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်