နေပြည်တော်၊ ဒီဇင်ဘာ ၁၃
ထိုင်းနိုင်ငံ၊ Neighbouring Countries Economic Development Cooperation Agency (NEDA)၏ ချေးငွေ၊ နည်းပညာအကူအညီတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ရှိသည့်စီမံကိန်းများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး (Policy and Practical Meeting for a Technical Assistance (TA) and Financial Assistance (FA) Project of NEDA – Myanmar) အား ယနေ့နံနက် (၁၀:၀၀) နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၄)၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ မြန်မာဘက်မှ ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံး ဦးဆောင်၍ NEDA ၏ ချေးငွေ၊ နည်းပညာအကူအညီတို့ဖြင့် စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဌာန/အဖွဲ့အစည်းများ၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနနှင့် ငွေတိုက်ဦးစီးဌာနတို့မှ တာဝန်ရှိသူများတက်ရောက်ကြပြီး ကရင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။ NEDA မှ President Mr. Perames Vudthitometiraks ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် NEDA ၏ ချေးငွေ၊ နည်းပညာအကူအညီတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ရှိသည့် စီမံကိန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးသည့်အခြေအနေ၊ တွေ့ကြုံရသည့်အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပြီး NEDA ဘက်မှ ပြန်လည်ဆွေးနွေးခဲ့ပါသည်။ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၏ တင်ပြချက်များအပေါ် ငွေတိုက်ဦးစီးဌာနနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနတို့မှလည်း လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား မွန်းလွဲ (၁၂:၃၀) နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။ မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအတွက် NEDA မှ နည်းပညာအကူအညီ၊ ချေးငွေအကူအညီတို့ကို ပေးအပ်လျှက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းများအတွက် ဘဏ္ဍာရေးဆိုင်ရာသင်တန်းများကိုလည်း ပံ့ပိုးပေးလျက်ရှိပါသည်။