စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၌ မှတ်တမ်းမော်ကွန်းများပြုပြင်ထိန်းသိမ်းခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့ နံနက်ပိုင်းက အဆိုပါရုံးခွဲ၌ကျင်းပရာ ရန်ကုန်ရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမင်းကြည်ဝင်းက အဖွင့်အမှာစကား ပြောကြားရာ ဦးစီးဌာန၏အဓိကလုပ်ငန်းတာဝန်များတွင် မော်ကွန်း၊ မှတ်တမ်းများကို စနစ်တကျ စုဆောင်းခြင်း၊ စုဆောင်းထားရှိသောမှတ်တမ်း၊ မော်ကွန်းများကို မပျက်မစီး ရေရှည်တည်တံ့အောင် ထိန်းသိမ်းခြင်းနှင့် နိုင်ငံတော်နှင့်အများပြည်သူများ၏ အကျိုးစီးပွားအတွက် မှတ်တမ်း၊ မော်ကွန်းများကို ရည်ညွှန်းကိုးကားအသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိခြင်းတို့ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းစောင့်ရှောက်ရန်ဖြစ်ကြောင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းတွင် နည်းပညာဖြင့်ထိန်းသိမ်းခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း (Preservation & Conservation) အပိုင်းတို့ ရှိပါကြောင်း၊ ယခုဖွင့်လှစ်ပေးသည့်သင်တန်းအနေဖြင့် မှတ်တမ်း၊ မော်ကွန်းများကို ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာနည်းပညာများ၊ လုပ်ငန်းစဉ်များကို စာတွေ့လက်တွေ့ သင်တန်းပို့ချပေးမည်ဖြစ်သဖြင့် မိမိတို့၏ လက်တွေ့လုပ်ငန်းများ ဆောင်ရွက်ရာတွင် နည်းပညာဗဟုသုတများ တိုးပွားလာမည်ဖြစ်သဖြင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားကို အထောက်အပံ့ပေးနိုင်ရေးအတွက် လေ့လာသင်ယူသွားကြပါရန်ပြောကြားပါသည်။
အဆိုပါသင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်ထိ ဖွင့်လှစ်မည်ဖြစ်ပြီး နေပြည်တော် ရုံးချုပ်နှင့် ရန်ကုန်ရုံးခွဲတို့မှ စုစုပေါင်းသင်တန်းသား/ သင်တန်းသူ(၂၇)ဦး တက်ရောက်လျက်ရှိပါသည်။