၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်း နှစ်ကုန်ခန့်မှန်းခြေ ပြန်လည်သုံးသပ်ခြင်းနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၊ ၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်း နှစ်ကုန်ခန့်မှန်းခြေ ပြန်လည် သုံးသပ်ခြင်း နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို အမျိုးသားစီမံကိန်းကော်မရှင် အတွင်းရေးမှူး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်၍ ၄-၃-၂၀၂၅ ရက် (အင်္ဂါနေ့)၊ (၁၀:၀၀) နာရီတွင် ရုံးအမှတ် (၃၂)၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ အမျိုးသားစီမံကိန်းကော်မရှင် အတွင်းရေးမှူး၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် အမျိုးသားစီမံကိန်းကော်မရှင် အတွင်းရေးမှူး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်း အကောင်အထည်ဖော်နိုင်မှု နှစ်ကုန်ခန့်မှန်းခြေ အခြေအနေနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းရေးဆွဲရာတွင် သက်ဆိုင်ရာဌာနများမှ အဆိုပြုလျာထားသည့် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ရှိချက်များနှင့်ကိန်းဂဏန်းအတည်ပြုရေးဆိုင်ရာကိစ္စရပ်များကို လမ်းညွှန်မှာကြားပါသည်။
ဆက်လက်၍ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်း ရည်မှန်းချက်များအပေါ် နှစ်ကုန်ခန့်မှန်းခြေအခြေအနေနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းတွင် သက်ဆိုင်ရာဌာနများမှ တင်ပြထားသည့် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုဆိုင်ရာအချက်အလက်များနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက်သုံးသပ်၍ ရှင်းလင်းတင်ပြပါသည်။
ထို့နောက် တက်ရောက်လာကြသည့်ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဌာနအလိုက် အကောင်အထည်ဖော်နိုင်မှုအခြေအနေနှင့် ရည်မှန်းချက်များရေးဆွဲမှုအပေါ် သုံးသပ်ဆွေးနွေးပါသည်။
ဆွေးနွေးချက်များအပေါ် အမျိုးသားစီမံကိန်းကော်မရှင် အတွင်းရေးမှူး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းမှုများပြုလုပ်၍ စီမံကိန်းရည်မှန်းချက်များ သတ်မှတ်ချိန်အတွင်း အချိန်မီပြုစုပြီးစီးနိုင်ရေးနှင့် သက်ဆိုင်ရာဌာနအလိုက် ပေးပို့ထားသည့် အချက်အလက်များကို အတည်ပြုနိုင်ရေးအတွက် လမ်းညွှန်မှာကြားပြီး အစည်းအဝေးကို (၁၃:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်