ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ငလျင်ဒဏ်သင့်ရုံးများနှင့် ဝန်ထမ်းတိုက်ခန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ညှိနှိုင်းပေါင်းစပ် စီစဉ်ဆောင်ရွက်ပေး

နေပြည်တော် မတ် ၃၁

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး (ရုံးအမှတ်-၃၂)၌ အစည်းအဝေးပြုလုပ်ပြီး ပျက်စီးသွားသော ရုံးခန်းများအား အမြန်ရှင်းလင်း၍ အရေးကြီးစာရွက်စာတမ်းများအား စုစည်းသိမ်းဆည်းဆောင်ရွက်ရန်၊ လတ်တလောအခြေအနေများအရ သင့်ရာနေရာများသို့ ရောက်ရှိနေကြသည့် ဝန်ထမ်းများစာရင်းအား စုစည်းကောက်ခံရန်နှင့် နီးစပ်ရာရုံးများသို့ အမြန်ဆုံးဆက်သွယ် သတင်းပို့ဆောင်ရွက်ကြရန်၊ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ ဌာနအလိုက် စုစည်းလုပ်ကိုင်နိုင်မည့်နေရာများတွင် ယာယီစခန်းများတည်ဆောက်နိုင်ရေး အမြန်ဆုံးဆောင်ရွက်ရန်၊ မီးမရနိုင်သေးသည့်အခြေအနေတွင် မီးစက်များထားရှိ၍ အရေးကြီးကိစ္စရပ်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြရန် မှာကြားပါသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် ခုတင် (၁၀၀၀) တပ်မတော်ဆေးရုံကြီးတွင် လက်ထိခိုက်၍ ဆေးကုသမှုခံယူနေသော ပင်စင်ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးအား သွားရောက်ကြည့်ရှုပြီး အားပေးစကားများပြောကြားကာ လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။ ဆက်လက်၍ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက် သို့သွားရောက်ပြီး ရုံးလုပ်ငန်းများဆောင်ရွက်နိုင်ရန်နှင့် ယာယီစခန်း ဖွင့်လှစ်နိုင်မည့်နေရာများအား လိုက်လံကြည့်ရှုကာ စနစ်တကျလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် လမ်းညွှန်မှာကြားပါသည်။ 

ဒုတိယဝန်ကြီးများနှင့် ဌာနအကြီးအကဲများသည် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဝန်ထမ်းအိမ်ရာများသို့ သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ နေထိုင်စားသောက်နေမှုနှင့် သောက်သုံးရေရရှိရေးစသည့် အုပ်ချုပ်မှုကိစ္စများ စီစဉ်ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်