အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၊ မှတ်တမ်းနှင့်မော်ကွန်းစီမံခန့်ခွဲမှု (အခြေခံ) သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တက်ရောက်လမ်းညွှန်မှာကြား

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၊ မှတ်တမ်းနှင့်မော်ကွန်းစီမံခန့်ခွဲမှု (အခြေခံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၄-၂-၂၀၂၅ ရက်၊ ၀၉:၃၀ နာရီတွင် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၊ သင်တန်းခန်းမ၌ ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း တက်ရောက်အမှာစကား ပြောကြားပါသည်။
သင်တန်းဖွင့်ပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။
ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာနသည် တစ်မျိုးသားလုံးအတိုင်းအတာဖြင့် အရေးကြီးသော သမိုင်းဝင်မှတ်တမ်း၊ မော်ကွန်းများအား ရေရှည်တည်တံ့ ခိုင်မြဲစေရန် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် ဌာနတစ်ခုဖြစ်ပြီး မှတ်တမ်းအထောက်အထားများကို ဌာနဆိုင်ရာသုတေသီများ၊ ပြည်တွင်း/ပြည်ပ ပညာရှင်များ၊ လေ့လာဖတ်ရှုလိုသူများ၊ သုတေသနဆောင်ရွက်လိုသူနှင့် စာတမ်းပြုစုလိုသူများ လာရောက်ဖတ်ရှုနိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ သင်တန်းတွင် မှတ်တမ်းများအား စနစ်တကျထိန်းသိမ်း ထားရှိစေရန်အတွက် မှတ်တမ်းစီမံခန့်ခွဲမှု၊ မော်ကွန်းစီမံခန့်ခွဲမှု ဘာသာရပ်များအပြင် မှတ်တမ်းမော်ကွန်းများ ပြုပြင်ထိန်းသိမ်းမှုများကို သင်ကြားပေးသွားမှာဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူ များအနေဖြင့် မှတ်တမ်းစီမံခန့်ခွဲမှုများ လေ့လာမှတ်သားနိုင်ကြပြီး ပြန်လည်အသုံးချခြင်းဖြင့် ဌာနအသီးသီးတွင် ခေတ်စနစ်နှင့်ညီညွတ်သော မှတ်တမ်းခန်းများ တစ်ပြေးညီ ရှိလာမည်ဖြစ်သဖြင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနနှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း လမ်းညွှန်မှာကြားပါသည်။
အဆိုပါသင်တန်းကို ၇ ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး ဌာနဆိုင်ရာအသီးသီးမှ သင်တန်းသား၊ သင်တန်းသူ ၄၃ ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။  


သတင်းစဉ်