စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ အရာထမ်းများလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးမွမ်းမံ သင်တန်းအမှတ်စဉ်(၂/၂၀၂၄-၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တက်ရောက်လမ်းညွှန်မှာကြား


နေပြည်တော်၊ ဩဂုတ် ၁၉
စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ အရာထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၂၄-၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉:၃၀ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေရှိ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ သင်တန်းကျောင်း၌ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း တက်ရောက်၍ လမ်းညွှန်အမှာစကားပြောကြားပါသည်။
သင်တန်းဖွင့်ပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊  ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ပါသည်။
ဒုတိယဝန်ကြီးက သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် မူဝါဒများအပေါ်တွင် လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဌာနဖြစ်သဖြင့် နိုင်ငံတော်၏မူဝါဒများကို နားလည်ရန်လိုအပ်ပြီး ဒေသ၏လိုအပ်ချက်နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးသည် အရေးကြီးကြောင်း၊ သို့မှသာ Bottom-up နှင့် Top-down Plan တို့ကို အဆက်အစပ်မိမိ ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ စွမ်းရည်ပြည့်ဝမှသာ မိမိတို့တာဝန်ယူဆောင်ရွက်ရသည့်လုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင် စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံကို တည်ဆောက်ရာတွင်  လူသားအရင်း အနှီး(Human Capital) သည် မရှိမဖြစ်လိုအပ်ကြောင်း၊ မိမိတို့ကိုယ်တိုင် အမြဲတမ်းအရည်အသွေးတောက်ပြောင်နေရေးအတွက် လေ့ကျင့်သင်ယူမှုကို ဘဝတစ်သက်တာ(lifelong) အတွက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စာပေဖတ်ရှုလေ့လာမှုများ အားကောင်းရန် လိုအပ်ကြောင်း၊ စီမံကိန်းရေးဆွဲရာတွင် စီးပွားရေးပညာကို အခြေခံပြီးဆောင်ရွက်ရသည့် အတွက် ဘာသာရပ်ဆိုင်ရာသဘောတရားများကို စနစ်တကျတွေးခေါပြီး လက်တွေ့နှင့်ဆီလျော်ပြီး ခေတ်နှင့်လျော်ညီစွာ ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် နိုင်ငံဝန်ထမ်းသစ္စာဓိဋ္ဌာန်ကို နှလုံးသွင်းပြီး တာဝန်ကိုကျေပွန်စွာထမ်းဆောင်ပြီး ကိုယ်ပိုင်အရည်အသွေးများကို တိုးတက်စေရန် အမြဲလေ့ကျင့်ဆောင်ရွက်ကြရန် လိုအပ်ကြောင်းစသည်ဖြင့် လမ်းညွှန်မှာကြားပါသည်။
အဆိုပါ သင်တန်းကို ရက်သတ္တပတ် ၃ ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်စီမံကိန်းဦးစီးရုံးများမှ သင်တန်းသား/သူ ၅၂ ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်