နေပြည်တော် နိုဝင်ဘာ ၁၁
ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူးမွမ်းမံသင်တန်း အမှတ်စဉ် (၈) သင်တန်းဖွင့်ပွဲအခမ်းအနား ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဉပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဉက္ကဋ္ဌ ဦးအောင်သော်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့အစည်းများမှ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတစ်နိုင်ငံ၏ လူသားအရင်းအမြစ်၊ ငွေကြေးအင်အားနှင့် သယံဇာတအရင်းအမြစ်များသည် အကန့်အသတ်နှင့်ရှိနေပြီး ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုကောင်းမွန်ခြင်းဖြင့် ရှိပြီးသားအရင်းအမြစ်များ ပိုမို တိုးတက်ဖွံ့ဖြိုးအောင်နှင့် တည်ငြိမ်မှုရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက်မှုသည် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အားကောင်းခြင်းအပေါ်တွင် များစွာမူတည်လျက်ရှိကြောင်း၊ ကောင်းမွန်သောပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု စနစ်ရှိရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည်ပြည့်ဝသည့် နိုင်ငံ့ဝန်ထမ်းများကို မွေးထုတ်ပေးနိုင်ရန်လိုအပ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုနယ်ပယ်သည် ဘဏ္ဍာငွေရရှိမှုအရင်းအမြစ်များ တိုးမြင့်ရရှိအောင်ဆောင်ရွက်ရေး၊ အသုံးစရိတ်များကို စနစ်တကျခွဲဝေရေး၊ ခွဲဝေပေးသော အသုံးစရိတ်များကို ထိရောက်စွာ အကျိုးရှိရှိသုံးစွဲနိုင်မှုရှိ-မရှိ စောင့်ကြည့်ထိန်းကျောင်းရေး၊ သုံးသပ်ရေး၊ အစီရင်ခံရေးစသည့် အဆင့်အလိုက် လုပ်ငန်းစဉ်များစွာဖြင့် ကျယ်ပြန့်လှသည့် နယ်ပယ်တစ်ခုဖြစ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းကို “ခိုင်မာသည့် ပြည်သူ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်ကို တည်ထောင်ရန်အတွက် စွမ်းရည်ပြည့်ဝသော နိုင်ငံ့ဝန်ထမ်းများကို မွေးထုတ်ပေးရန်” ရည်ရွယ်ချက်ဖြင့် တည်ထောင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းကျောင်းတွင် အခြေခံသင်တန်း၊ အထူးကာလတိုသင်တန်းများအပြင် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူးမွမ်းမံ သင်တန်းများကို (၇) ကြိမ်အထိ ဖွင့်လှစ်ခဲ့ပြီးဖြစ်ပြီး၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးအဆင့်အရာထမ်း သင်တန်းသား (၂၄၃) ဦး တက်ရောက်ခဲ့ကြကြောင်း၊ ယခု ဖွင့်လှစ်သည့်သင်တန်းသို့ တက်ရောက်သည့် သင်တန်းသားများ အနေဖြင့်လည်း ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာဘာသာရပ်နှင့် လက်တွေ့သင်ခန်းစာများ ကို သေချာစွာလေ့လာသင်ကြားပြီး၊ မိမိတို့၏ လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင် စနစ်တကျအသုံးချသွားကြရန်နှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစွမ်းရည်ဖြင့် ပံ့ပိုးဆောင်ရွက်သွားရန်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
ယခုဖွင့်လှစ်သည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၈) တွင် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာတာဝန်ခံ ညွှန်ကြားရေးမှူးအဆင့် အရာထမ်း (၃၄) ဦး ပါဝင်တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၅) ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်