နေပြည်တော်၊ နိုဝင်ဘာ ၄
စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ အရာထမ်းများလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၄/၂၀၂၄-၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉:၃၀ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေရှိ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ သင်တန်းကျောင်း၌ ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း တက်ရောက်၍လမ်းညွှန် အမှာစကားပြောကြားပါသည်။
သင်တန်းဖွင့်ပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ပါသည်။
ဒုတိယဝန်ကြီး က သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသကဲ့သို့ ဌာနတိုင်း အတွက်လည်း အရေးကြီးကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ရာထူးအဆင့်ဆင့်၌ တာဝန်ယူ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရာထူးအလိုက် ရှိသင့်ရှိထိုက်သည့် အရည်အချင်းများ ပြည့်ဝရန် လိုအပ်ကြောင်း၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ မူဝါဒ၊ လုပ်ငန်းစဉ်များကို မျက်ခြည်မပြတ် လေ့လာပြီး လက်တွေ့နှင့်ပေါင်းစပ်ဆောင်ရွက်သွားရန် အရေး ကြီးကြောင်း၊ ကမ္ဘာ့ဖွံ့ဖြိုးမှုဖြစ်စဉ်များမှာ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် Artificial Intelligent (AI) ကို အသုံးပြုပြီး အလိုအလျောက်စနစ်များကို အသုံးပြုလာကြသည်ကို တွေ့မြင်ရကြောင်း၊ ဝန်ထမ်းများအနေဖြင့် ခေတ်နှင့်အညီ လိုက်ပါနိုင်သူများ ဖြစ်စေရေးအတွက် အစဉ်အမြဲ လေ့လာသင်ယူကြရန် မှာကြားလိုကြောင်း၊ သင်တန်းကာလအတွင်း ပို့ချပေးမည့် ဘာသာရပ်များကို စာတွေ့သာမက မိမိတို့ သက်ဆိုင်ရာဒေသများ၌ လက်တွေ့ ပြန်လည်အသုံးချ နိုင်ရေးအတွက်လေ့လာသင်ယူကြရန်နှင့် ရုံးချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ်များအကြား အတွေ့ အကြုံ၊ ဗဟုသုတများကို ဖလှယ်သွားကြရန် တိုက်တွန်းလိုကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြားပါသည်။
အဆိုပါ သင်တန်းကို ရက်သတ္တပတ် ၃ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်စီမံကိန်းဦးစီးရုံး ၇ခုမှ သင်တန်းသား/သူ ၆၀ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်