ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအစည်းအဝေး (၂/၂၀၂၄) ကျင်းပ

နေပြည်တော် ၊ ၂၀၂၄ ခုနှစ်၊ ဇွန် ၁၉

ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ(၂/၂၀၂၄) အစည်းအဝေးကို ယနေ့ နံနက် ၀၉:၃၀ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၂) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့်   ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ စီးပွားရေးရာဝန်ကြီးများ၊ စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအရ ဆေးဝါးနှင့် ဆေးအထောက်အကူပစ္စည်းများအပါအဝင် အရေးကြီးကုန်စည်များ ပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်မှုများ မဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ ပုဂ္ဂလိကကဏ္ဍ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တင်ပြနေသည့် ကိန်းဂဏန်းစာရင်းအင်းများကို မြေပြင်အခြေအနေမှန်နှင့် ကိုက်ညီစေရေး စိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မတီအနေဖြင့်  နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆန်သိုလှောင်ရုံများနှင့် ဆန်ဆိုင်များ၊ ဆေးသိုလှောင်ရုံများနှင့် ဆေးဆိုင်များကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမရှိစေရေး ပူးပေါင်းအဖွဲ့များဖြင့် အပတ်စဉ် ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း၊
၂၀၂၄ ခုနှစ်၊ မေလအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် ရွှေဈေးနှုန်းများ မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း၊ မရှိမဖြစ်လိုအပ်သည့် သွင်းကုန်ပစ္စည်းများအတွက် နိုင်ငံခြားငွေ ရရှိရေးကို နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ (FESC) က စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း၊ နိုင်ငံခြားငွေ အမှန်တကယ်အသုံးပြုရန် လိုအပ်သူများအတွက် ရရှိနိုင်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရွှေနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကော်မတီအနေဖြင့် ဆန်နှင့် စားသုံးဆီဈေးနှုန်း တည်ငြိမ်ရေးကိစ္စရပ်များကို ပထမဦးစားပေးအဖြစ် သက်ဆိုင်ရာ ဌာန၊ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊
ဆန်ဈေးနှုန်းနှင့် ပတ်သက်၍ စိုက်ပျိုးရေးသွင်းအားစုဈေးနှုန်းများ မြင့်တက်ခြင်း၊ အလုပ်သမားခအပါအဝင် အထွေထွေကုန်ကျစရိတ်များ မြင့်တက်ခြင်းတို့သည် ဆန်ဈေးနှုန်းများ မြင့်တက်စေသည့်အကြောင်းများဖြစ်ကြောင်း၊ စားအုန်းဆီကို ရည်ညွှန်းဈေးသတ်မှတ်၍ တင်သွင်းရောင်းချသည့် ကုမ္ပဏီများက တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ စားအုန်းဆီ ဖြန့်ဖြူးရောင်းချရာတွင် အကျိုးအမြတ်ရရှိရေးကိုသာမကြည့်ဘဲ ပြည်သူများ၏ လိုအပ်ချက်အား ဖြည့်ဆည်းနိုင်ရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးတို့ကိုလည်း ညီညွတ်မျှတအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိရစ္ဆာန်အစာ ဈေးနှုန်းမြင့်တက်ခြင်း၊ သယ်ယူစရိတ် မြင့်တက်ခြင်း၊ ယခုနှစ် ဧပြီလနှင့် မေလအတွင်း ရာသီဥတုပူပြင်းခဲ့ခြင်းကြောင့် ဥထွက်နှုန်း ကျဆင်းခြင်းနှင့် ကုန်ကြမ်း သားပေါက်ဈေးနှုန်း မြင့်တက်ခြင်းတို့ကြောင့် အသား၊ ငါးနှင့် ဥဈေးနှုန်းတို့ မြင့်တက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် နေပြည်တော် အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် (၉) ခု တွင် မွေးမြူရေးလုပ်ငန်းများ ကို ငွေကျပ် ၁၂ ဘီလီယံ ထုတ်ချေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းဒေသများမှ စိစစ်ရွေး ချယ်ထားသည့် အသားတိုးနွား၊ နို့စားနွား၊ ဥစားကြက်နှင့် သိုး၊ ဆိတ်မွေးမြူရေးလုပ်ငန်းများကို ထုတ်ချေးပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ 
ထို့အပြင် အခြားဆက်စပ်ကော်မတီများဖြစ်သည့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၊ ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ် ရေးလုပ်ငန်းကော်မတီ၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီနှင့် စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ စသည့် ကော်မတီများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံစားသောက်ကုန်ပစ္စည်းဈေးနှုန်းများ မတည်ငြိမ်ခြင်း၊ ရုတ်တရက် မြင့်တက်ခြင်းကြောင့် ဝင်ငွေနည်းပါးသည့် ပြည်သူများ၊ ပုံသေလစာရရှိသည့် ဝန်ထမ်းများအား အဓိက ထိခိုက်ခံစားရသဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ တာဝန်ရှိသူများအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းစဉ်ကို အထူးအလေးထား၍ ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆန်၊ စားအုန်းဆီ အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းတည်ငြိမ်ရေး ဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဝန်ကြီးချုပ်များ၊ ကော်မတီအဖွဲ့ဝင်များက ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ထူးခြားစွာ ပြောင်းလဲဖြစ်ပေါ်သည့် အဓိကကုန်စည်ဈေးနှုန်းများအပေါ် သုံးသပ်ချက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေး ဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြကြသည်။ 
ထို့နောက် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌက ဆွေးနွေးတင်ပြ ချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍနှင့် ဒေသအလိုက် ကုန်ဈေးနှုန်းတည်ငြိမ်စေရေး ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် လိုအပ်ချက်များအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။   သတင်းစဉ်