အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း သုံးသပ်မှု အစီရင်ခံရေးအဖွဲ့၏ (၁/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကျင်းပ

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း သုံးသပ်မှု အစီရင်ခံရေးအဖွဲ့၏ (၁/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ဇန်နဝါရီ ၅ ရက်၊ နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၂) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ဝင်များဖြစ်ကြသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းတို့ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း သုံးသပ်မှုအစီရင်ခံရေးအဖွဲ့ ဖွဲ့စည်းမှုတွင် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပုဒ်မ ၁၀ ပါ ပြဋ္ဌာန်းချက်အရအဖွဲ့၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ထားပြီး ဖြစ်ပါကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးမြှင့်တင်မှုနှင့်စီးပွားရေးတိုးတက်မှုအတွက် အဓိကမောင်းနှင် အားဖြစ်သကဲ့သို့ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် MSME စီးပွားရေးလုပ်ငန်းများသည် ၉၀ ရာခိုင်နှုန်းကျော် ပါဝင်လျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း MSME လုပ်ငန်းပေါင်း ၄ သောင်းကျော် ရှိပါကြောင်း၊ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်တွင်း ထုတ်လုပ်မှုကို အလေးပေးဆောင်ရွက်လျက်ရှိပြီး MSME လုပ်ငန်းများအနေဖြင့် ပြည်တွင်း လိုအပ်သော လူသုံးကုန်နှင့် စားသုံးကုန်များကို အလုံအလောက် ထုတ်လုပ်နိုင်ပါက နိုင်ငံခြားငွေ အကုန်အကျ သက်သာမည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည် ဖြစ်ပါ‌ကြောင်း၊ MSME နှင့် စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များ (Entrepreneurship) တို့သည် အပြန်အလှန် မှီခိုလျက်ရှိပြီး MSME လုပ်ငန်းများစဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရေးအတွက် စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်များကို ပံ့ပိုးပေးရန် လိုအပ်ပါကြောင်း၊ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ၏ ထောက်တိုင်ဖြစ်သော MSME လုပ်ငန်းများသည် စွန့်ဦးတီထွင်မှု၊ တီထွင် ဆန်းသစ်နိုင်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှု၊ ဆင်းရဲနွမ်းပါးမှု လျှော့ချပေး နိုင်မှုနှင့် ဈေးကွက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မှုများရှိ၍ နိုင်ငံ၏ GDP တိုးတက်မှုကိုလည်း တိုက်ရိုက်အကျိုး သက်ရောက်မှုရှိသောကြောင့် MSME လုပ်ငန်းများ၏ တိုးတက်မှုသည် အရေးပါကြောင်း၊ သို့ပါ၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ အဖွဲ့ဝင်များအနေဖြင့်  မိမိတို့၏ လုပ်ငန်းတာဝန်များကို အခြေခံ၍ ဆောင်ရွက်ရမည့် လုပ်ငန်း များ၊ ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်း အချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးရန် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ အတွင်းရေးမှူး၊ စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အထောက်အကူပြုလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မည့် အစီအစဉ်(မူကြမ်း)နှင့် ယင်းအဖွဲ့များ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြမှုအပေါ် အစည်းအဝေးတက်ရောက်သူများမှ ဝိုင်းဝန်းဆွေးနွေးပြောကြားပါသည်။
ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ပေါင်းစပ်ညှိနှိုင်းရမည့်ကိစ္စရပ်များကို လမ်းညွှန်မှာကြားကာ အစည်းအဝေးကို နေ့လယ် (၁:၃၀) တွင် ရုပ်သိမ်းခဲ့ပါသည်။