စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၂၄-၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး တက်ရောက်လမ်းညွှန်မှာကြား

နေပြည်တော်၊ စက်တင်ဘာ ၂၃

         စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ အရာထမ်းများလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ်(၃/၂၀၂၄-၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ ၉:၃၀ နာရီတွင် နေပြည်တော်ကောင်စီ နယ်မြေရှိ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ သင်တန်းကျောင်း၌ ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားပါသည်။

 သင်တန်းဖွင့်ပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဌာန အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ပါသည်။

          ဒုတိယဝန်ကြီးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် စီမံကိန်းရေးဆွဲရေးဦးစီးဌာနအနေနှင့် နိုင်ငံတော် ၏ မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လိုက်ပါဆောင်ရွက်ရသည့်ဌာန ဖြစ်သည့်အတွက် နိုင်ငံတော်၏မူဝါဒ၊ ရည်မှန်းချက်များနှင့် ဦးစားပေးလုပ်ငန်းစဉ်များကို မျက်ခြည် မပြတ်သိရှိနားလည်ရန် လိုအပ်ကြောင်း၊ သို့မှသာ နိုင်ငံတော်၏ဖွံ့ဖြိုးမှုလုပ်ငန်းများကို ဒေသလိုအပ် ချက်နှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေနှင့် စိတ်ဓာတ်၊ စည်းကမ်းနှင့် ကျင့်ဝတ်ကောင်းမွန်သည့် ဝန်ထမ်းကောင်းများ မွေးထုတ်ပေးနိုင်ရေးအတွက် လေ့ကျင့်သင်ကြားပေး လျက်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံ တည်ဆောက်ရာတွင် လူသားအရင်းအနှီးသည် အရေးကြီးကြောင်း၊ ပြောင်းလဲမှုမြန်ဆန်သည့် ကမ္ဘာ့ဖွံ့ဖြိုးမှုဖြစ်စဉ်များတွင် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင် အရည်အချင်းများကို အစဉ်အမြဲ တောက်ပြောင်စေရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ ဗဟုသုတ၊ အသိပညာ၊ ဘာသာရပ်ဆိုင်ရာစာပေးများကို ဘဝတစ်သက်တာ သင်ယူမှု (Lifelong Learning) ပုံစံဖြင့် လေ့လာဆည်းပူးနေရမည်ဖြစ်ကြောင်း၊ ယခု သင်တန်းတွင် ပို့ချပေးမည့် ဘာသာရပ်များကို စာတွေ့ သာမက လက်တွေ့တွင် ပြန်လည် အသုံးချနိုင်ရေးအတွက် သင်ယူလိုစိတ်အပြည့်နှင့် လေ့လာသင်ယူ ကြရန်၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် နိုင်ငံတော်အပေါ်သစ္စာစောင့်သိရန်နှင့် မိမိတို့တာဝန် အသီးသီးကို ကျေပွန်စွာထမ်းဆောင်ကြရန်တိုက်တွန်းလိုကြောင်းစသည်ဖြင့် လမ်းညွှန်မှာကြားပါသည်။

အဆိုပါ သင်တန်းကို ရက်သတ္တပတ် ၃ ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး ရုံးချုပ်နှင့် နေပြည်တော် စီမံကိန်းရုံးမှ သင်တန်းသား/သူ ၃၅ ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။

 

,