ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် အပြည်ပြည်ဆိုင်ရာအကောက်ခွန်နေ့ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

ရန်ကုန်  ဇန်နဝါရီ  ၂၆ 

အပြည်ပြည်ဆိုင်ရာ အကောက်ခွန်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာန(ရုံးချုပ်)၊ ဇေယျာသီဟခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အကောက် ခွန်ဦးစီးဌာန အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။ 

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာ စကားပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာအကောက်ခွန်နေ့အဖြစ် သတ်မှတ်ခြင်းသည်  ကမ္ဘာ တစ်ဝန်းရှိ အကောက်ခွန်အဖွဲ့အစည်းများ၏စွမ်းဆောင်ရည်ကို အသိအမှတ်ပြုရန်၊ နိုင်ငံတော် အတွက် ရသင့်ရထိုက်သည့်အခွန်အကောက်များ အပြည့်အဝရရှိအောင် ကောက်ခံပေးနေသော အကောက်ခွန်ဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းတင်နိုင်ရန်နှင့် အကောက်ခွန်ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ အားကောင်းလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ကြသည်ကို တွေ့ရ မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၁ ခုနှစ်က ကမ္ဘာ့အကောက်ခွန်အဖွဲ့ (World Customs Organization- WCO) သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာ အကောက်ခွန် နေ့အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၃၃) နှစ်တိုင် ရှိလာပြီဖြစ်ကြောင်း၊ ယခု ၂၀၂၄ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာအကောက်ခွန်နေ့ဆောင်ပုဒ်မှာ “Customs-Engaging Traditional and New Partners with Purpose” ဖြစ်ပါကြောင်း၊ အဆိုပါဆောင်ပုဒ်ကို ချမှတ်ခြင်း သည် ကမ္ဘာ့အခင်းအကျင်းတွင် အရှိန်အဟုန်ဖြင့်ပြောင်းလဲလာသည့် နည်းပညာတိုးတက်မှုများ၊ ကုန်သွယ်မှုလျင်မြန်တိုးတက်ပြောင်းလဲလာမှုများနှင့်အတူ စိန်ခေါ်မှုများကို ကျော်လွှားသွားနိုင်ရန် နှင့် အခွင့်အလမ်းများ ပိုမိုရရှိနိုင်ရန် ရည်ရွယ်ခြင်းလည်းဖြစ်ကြောင်း၊ အစိုးရဝန်ဆောင်မှုလုပ်ငန်း များတွင် ပြည်သူများ၏ယုံကြည်မှုကို ရရှိရန် နိုင်ငံ့ဝန်ထမ်းတိုင်းတွင် တာဝန်ရှိကြောင်း၊ ထို့ကြောင့် အကောက်ခွန်ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူများ၏ယုံကြည်မှုကို အပြည့်အဝရရှိနိုင်ရေး အတွက် ကမ္ဘာ့အကောက်ခွန်အဖွဲ့ကထုတ်ပြန်ထားသော ကိုယ်ကျင့်သိက္ခာနှင့် ကျင့်ဝတ်စံနမူနာပြု ပုံစံ (Model Code of Ethics and Conduct) ကို စောင့်ထိန်းနိုင်ရန် အရေးကြီးကြောင်း၊ အဆိုပါ စံနမူနာပြုပုံစံတွင် အကောက်ခွန်ဝန်ထမ်းများအနေဖြင့် တာဝန်ယူမှု၊ ဥပဒေစည်းမျဉ်းလိုက်နာမှု၊ ဆက်ဆံရေးပြေပြစ်မှု၊ အဂတိတရားကင်းရှင်းမှု၊ အကျိုးစီးပွားပဋိပက္ခ (Conflict of Interest) ဖြစ်မှု၊ နိုင်ငံရေးလှုပ်ရှားမှုများနှင့် ငွေကြေးကိစ္စရပ်များ ကင်းရှင်းမှု၊ လျှို့ဝှက်ချက်များနှင့် တရားဝင်သတင်း အချက်အလက်များကို စောင့်ထိန်းလိုက်နာမှု၊ နိုင်ငံပိုင်ပစ္စည်းများ အလွဲသုံးစားပြုမှုစသည့် ကိစ္စရပ် များကို မကျူးလွန်မိစေရန်နှင့် ခါးဝတ်ပုဆိုးကဲ့သို့ မြဲအောင် စောင့်ထိန်းလိုက်နာရန် ဖော်ပြထား သည်ကိုလည်း တွေ့ရကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများကို ဆောင်ရွက်ရာ တွင် ပြည်သူများ၏ယုံကြည်ကိုးစားမှု ရရှိစေရေးအတွက် ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်ပိုင်းတွင် စံနမူနာပြများဖြစ်အောင် အမြဲတမ်းကြိုးစားနေကြရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့အကောက်ခွန်အဖွဲ့၏ မူလအခြေခံရည်မှန်းချက်သည် အဖွဲ့ဝင်နိုင်ငံများရှိ အကောက်ခွန်ဌာနများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် ဖော်ပြထားသည်ကို တွေ့ရကြောင်း၊ အထူးသဖြင့် အကောက်ခွန်များ ပြည့်ဝစွာ ကောက်ခံရရှိရေး၊ အမျိုးသားလုံခြုံရေး၊ ကုန်သွယ်မှု လွယ်ကူလျင်မြန်ချောမွေ့လွယ်ကူစေရေး၊ လူမှုအဖွဲ့အစည်းကို ကာကွယ်စောင့်ရှောက်နိုင်ရေးနှင့် ကုန်သွယ်မှုစာရင်းများ စနစ်တကျမှတ်တမ်းတင်နိုင်ရေးတို့ ဖြစ် ကြောင်း၊ ထို့ကြောင့် ရည်မှန်းချက်ကောင်းများကို အတုယူပြီး မိမိတို့အဖွဲ့အစည်း၏ စွမ်းဆောင် ရည်မြှင့်တင်နိုင်ရေးကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ကုန်သွယ် မှုလွယ်ကူချောမွေ့စေရေး၊ တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရေးတို့ကို အလေး ထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊အဖွဲ့အစည်းနှင့်တစ်ဦးချင်းစီ၏စွမ်းဆောင်ရည်ကို ယခုထက် ပိုမိုတိုးတက်လာစေရေးအတွက် အမြဲတမ်းတွေးခေါ်မြော်မြင် ကြံဆဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ အကောက်ခွန်ဦးစီးဌာနအနေဖြင့် သမားရိုးကျလုပ်ငန်းဆောင်ရွက်မှုမှ နည်းပညာပလက် ဖောင်းလမ်းကြောင်းတွင် ခေတ်မီနည်းပညာများဖြင့် နိုင်ငံ့တာဝန်ကိုထမ်းဆောင်နိုင်ရေးသည် အရေး ကြီးကြောင်း၊ လက်ရှိအကောင်အထည်ဖော်နေသည့် မြန်မာ့ကုန်ပစ္စည်းအလိုအလျောက်ရှင်းလင်းရေး စနစ် (Myanmar Automated Cargo Clearance System - MACCS) စနစ်ကို အခြေခံပြီး နိုင်ငံ တော်ပြတင်းတစ်ပေါက်စနစ် (National Single Window) စနစ်နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး တွန်းအားပေးဆောင်ရွက်ရန် တိုက်တွန်းပြောကြားလိုကြောင်း၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်း ဆောင်ရွက်နိုင်ရန်အတွက် တစ်ဦးနှင့်တစ်ဦး လက်ဆင့်ကမ်း၍ အသိပညာမျှဝေနိုင်ရေးကိုလည်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ သို့မှသာ အကောက်ခွန်ဦးစီးဌာန၏ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် ရေရှည်တည်တံ့ခိုင်မြဲမည် ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် ဝန်ကြီးဌာနမှ ချမှတ်ထားသည့်မူဝါဒများနှင့် အကောက်ခွန်ဦးစီးဌာနကချမှတ်ထားသည့် မူဝါဒဖြစ်သော “ရှင်းလင်း လွယ်ကူသော အကောက်ခွန်လုပ်ထုံးလုပ်နည်းများဖြင့် ကုန်သွယ်မှုလွယ်ကူလျင်မြန်ချောမွေ့စေရန် နှင့် ရသင့်ရထိုက်သောအခွန်ငွေများ ပြည့်ဝစွာရရှိစေရန်” တို့ကိုလည်း လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လုပ်ငန်းများအောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြသည့် အရာထမ်း/ အမှုထမ်းများအားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာအကောက်ခွန်နေ့ အခမ်းအနားတွင် မှာကြားလိုသည်မှာ အကောက်ခွန်ဦးစီးဌာန၏ဂုဏ်ကို ရေရှည်လင်းလက် တောက်ပနေရန် အရှိန်မြှင့်တင်၍ အစွမ်းကုန်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အကောက်ခွန် ဝန်ထမ်းများ၏ကြိုးပမ်းဆောင်ရွက်မှုများကိုထာဝစဉ်မှတ်ကျောက်တင်ခံနိုင်စေရေးအတွက် အလေး ထားဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ က အကောက်ခွန် ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တို့က အကောက်ခွန်ဦးစီးဌာနရှိ ဌာနခွဲများအလိုက် ဂုဏ်ပြုမှတ်တမ်းတင်ဆုရ ဘောလုံးအသင်း၊ ချီးကျူးဂုဏ်ပြုဆုရရှိကြသူများ၊ လုပ်ငန်းစွမ်းဆောင်ရည် ချီးကျူးဂုဏ်ပြုဆုရရှိကြသူများ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၏ ဂုဏ်ပြုမှတ်တမ်းတင် ဆုရရှိကြသူများ၊ ဘဏ္ဍာနှစ်အတွင်း အခွန်လျာထားချက် ကျော်လွန်အောင် ကောက်ခံနိုင်သည့်အတွက် ချီးကျူးဂုဏ်ပြုဆုရရှိကြသူများ၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့်အတွက် ချီးကျူးဂုဏ်ပြုဆု ရရှိကြသူများ၊ လုပ်ငန်းစွမ်း ဆောင်ရည် ဂုဏ်ပြုမှတ်တမ်းတင်ဆုရရှိကြသူများ၊ သွေးလှူဒါန်းမှု (၅) ကြိမ်နှင့်အထက် ချီးကျူး ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းတင်ဆု ရရှိကြသူများ၊ ဌာနခွဲအလိုက် လုပ်ငန်းစွမ်းဆောင်ရည်ဆု ရရှိကြသူများနှင့် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိကြသည့် အကောက်ခွန် ဝန်ထမ်းမိသားစုဝင်များကို ဆုများပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် ဒုတိယ ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ဆုရရှိ သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပါသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့်အဖွဲ့သည် အကောက်ခွန်ဦးစီးဌာန၏ တစ်နှစ်တာလှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများအား ကြည့်ရှုလေ့လာကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အကောက်ခွန်သမိုင်း ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုကြပြီး ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးသည်။ ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အကောက်ခွန်ဦးစီးဌာနရှိ E-Lock Control Room မှတစ်ဆင့် လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားခြင်း၊ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်