ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (၃/၂၀၂၄) အစည်အဝေးကျင်းပ

ရန်ကုန်  မတ်  ၃၀  

မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (၃/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံငွေချေး သက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဌ၊  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဦးမောင်မောင်ဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မိမိတို့ကော်မရှင်အနေဖြင့် အရင်းအနှီးဈေးကွက်တွင် ပါဝင်ဆောင်ရွက်လျက်ရှိကြသည့် ရန်ကုန်စတော့အိတ်ချိန်း၊ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ များ၊ မှတ်ပုံတင်အကြံပေးများ၊ ရင်းနှီးမြှုပ်နှံမှုအကြံပေးများ၊ စာရင်းဝင်ကုမ္ပဏီ၊ အများပိုင်ကုမ္ပဏီ များကို ဥပဒေ၊ နည်းဥပဒေများပါ ပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ-မရှိကို စောင့်ကြပ်ကွပ်ကဲသွားရမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်မညီညွှတ်သည့်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက  အချိန်နှင့်တစ်ပြေးညီ ကြိုတင်သိရှိ၍ ကြိုတင်ထိန်းကျောင်းတားဆီးနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ အခက်အခဲများ ရှိလာပါက ကော်မရှင်အနေဖြင့် ညှိနှိုင်းပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ ရန်ကုန်စတော့အိတ်ချိန်းတွင် Main Board အပြင် ဒုတိယဈေးကွက်ဖြစ်သော စာရင်းဝင်အကြိုဈေးကွက် Pre Listing Board (PLB) ပါ တည်ထောင်ပြီးဖြစ်၍ မကြာမီကာလတွင် စာရင်းဝင်အကြိုဈေးကွက်၌ မှတ်ပုံတင်ကုမ္ပဏီများ ဝင်ရောက်လာမည်ဖြစ်သဖြင့် ကြီးကြပ်ဆောင်ရွက်မှုအပိုင်းကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ပြင် မိမိတို့ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကဏ္ဍတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တားဆီးကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသတင်းပို့အဖွဲ့အစည်းများအား တွန်းအားပေးဆောင်ရွက်သွားရန်လိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးက (၂/၂၀၂၄) ကြိမ်မြောက် ကော်မရှင်အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တင်ပြပြီး အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ကြသည်။

အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကာ အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်း ခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ၏ ရှယ်ယာများအား နေ့စဉ်ရောင်းဝယ် လျက်ရှိရာ ရင်းနှီးမြှုပ်နှံသူဦးရေ (၄၆,၁၉၁) ဦး ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း စာရင်းဝင် ကုမ္ပဏီ(၈)ခု၏ ရှယ်ယာစုစုပေါင်း (၄.၄၉၈) သန်း၊ တန်ဖိုးကျပ် (၁၁.၇၄၁) ဘီလီယံ အရောင်း အဝယ်ဖြစ်ခဲ့ပြီး ဈေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး  ကျပ် (၆၇၇.၁၀၉) ဘီလီယံရှိရာ မကြာမီကာလတွင်  ဒုတိယဈေးကွက် (Pre Listing Board)၌ မှတ်ပုံတင်ကုမ္ပဏီများ ဝင်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်‌၍ ဒုတိယဝန်ကြီးသည် အကောက်ခွန်ဦးစီးဌာနသို့ ရောက်ရှိပြီး အကောက်ခွန် ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အတွင်း အကောက်ခွန်လျာထားချက်နှင့် ကောက်ခံရရှိမှုအခြေအနေများ၊၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အတွက် ပို့ကုန်လျာထားချက်ပြည့်မီစေရန် အကောက်ခွန်ဦးစီးဌာန ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများတွင် နေ့ဆိုင်း၊ ညဆိုင်းဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ကုန်သွယ်ရေးဇုန်များ တိုးချဲ့တည်ဆောက်နိုင်ရေး လေ့လာသုံးသပ်တင်ပြချက်များ၊ သွင်းကုန်တန်ဖိုးစိစစ်ရေးအဖွဲ့၏ ဆောင်ရွက်မှုအခြေအနေများ၊ ကုန်တင်ယာဉ်များအား E-Lock စနစ်ဖြင့် လုပ်ငန်းဆောင်ရွက်မှုများ၊ EV ယာဉ်များ တင်သွင်းရောက် ရှိမှု၊ ကုန်လှောင်ရုံအတွင်းထားရှိမှုနှင့် ထုတ်ပေးမှု အခြေအနေများ၊ မြန်မာအလိုအလျောက် ကုန်စည် ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System – MACCS) စနစ်တိုးချဲ့ ဆောင်ရွက်မှုအခြေအနေများ၊ လုပ်ငန်းဆောင်ရွက်မှုအပေါ် အားနည်းချက်နှင့် အားသာချက်များ၊ လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြ ရာ ဒုတိယဝန်ကြီးက  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဥပဒေအမှတ်၊ ၂၃/၂၀၂၄ ဖြင့် ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ထုတ်ပြန်ပြဌာန်းပြီးဖြစ်ရာ ပြီးခဲ့သည့် ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှု၏ အားနည်းချက်နှင့် အားသာချက်များကို အခြေခံ၍ လုပ်ငန်းများ လျာထား ချက် ပြည့်မီကျော်လွန်အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး ဝန်ထမ်းများအားလုံးက စုပေါင်းကြိုး ပမ်းဆောင်ရွက်ရန်လိုကြောင်း မှာကြားကာ E-Lock စနစ်ဆောင်ရွက်မှုများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

, , ,