မြန်မာနိုင်ငံဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ (၁/၂၀၂၄-၂၀၂၅) အစည်းအ‌ဝေးကျင်းပ

နေပြည်တော်၊ ဧပြီ   ၂၆

ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၁/၂၀၂၄-၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ (၂၆-၄-၂၀၂၄) တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကို ပထမအကြိမ်ချေးငွေအဆိုပြုလွှာခေါ်ယူ၍ ချေးငွေထုတ်ချေးထားမှုအခြေအနေနှင့် ဒုတိယအကြိမ် ချေးငွေအဆိုပြုလွှာများ ဆောင်ရွက်ထားရှိမှုအခြေအနေများ ရှင်းလင်း ပြောကြားပြီး ချေးငွေအဆိုပြုလွှာများ ပိုမိုလက်ခံဆောင်ရွက်ပေးနိုင်ရေးအတွက် ၁-၉-၂၀၂၃ ရက်တွင် ကြော်ငြာစာ ထုတ်ပြန်၍ ဆောင်ရွက်လျက်ရှိရာ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ ပိုမိုတိုးတက်ထုတ်ချေးရေး အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။ 
ဆက်လက်၍ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူမှ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေအဆိုပြုလွှာများ ပိုမိုလက်ခံဆောင်ရွက်ပေးနိုင်ရေးအတွက် ကြော်ငြာစာထုတ်ပြန်ပြီးနောက် လက်ခံရရှိမှုအခြေအနေ၊ ဆီစက်လုပ်ငန်းများ ချေးငွေတိုးတက်ထုတ်ချေးနိုင်ရေးအတွက် ဆောင်ရွက်နေ မှုအခြေအနေ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆီစက် လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေဆိုင်ရာအသိပညာပေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်မှုအခြေအနေ၊ အထောက်အကူပြုအဖွဲ့ခေါင်းဆောင်များက သက်ဆိုင်ရာအဖွဲ့အလိုက် ဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေအမှုတွဲများစိစစ်ပြီးစီးမှု အခြေ အနေကို ရှင်းလင်းတင်ပြရာ လုပ်ငန်းအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေး၍ အတည်ပြုကြသည်။
အစည်းအဝေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI)၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဘဏ်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်