မြန်မာနိုင်ငံဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ (၃/၂၀၂၃-၂၀၂၄) အစည်းအဝေးကျင်းပ

နေပြည်တော် ၊ ဩဂုတ် ၂၄

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်သည့်  ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၃/၂၀၂၃-၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို  ယနေ့၊ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပါသည်။  

အဆိုပါအစည်းအဝေး၌ လုပ်ငန်းအဖွဲ့ဥက္ကဌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆီစက် လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေကို Project Management Unit နှင့် PFI ဘဏ်များမှ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပထမအကြိမ်အဖြစ် လုပ်ငန်းရှင် (၈) ဦးကို ထုတ်ချေးခဲ့ပြီး၊ ဆက်လက်၍လည်း မကွေးတိုင်းဒေသကြီးမှ ဆီစက်လုပ်ငန်းရှင် (၇) ဦးနှင့် ရခိုင်ပြည်နယ်မှ ဆီစက် လုပ်ငန်းရှင် (၄) ဦး၊ စုစုပေါင်းလုပ်ငန်းရှင် (၁၁) ဦးကို ချေးငွေများ ထပ်မံထုတ်ချေးထားပြီဖြစ်၍ ယနေ့ထိ ဆီစက်လုပ်ငန်းရှင် (၁၉) ဦးအား ချေးငွေပမာဏကျပ် (၁၄၉၈) သန်း ထုတ်ချေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း အဆိုပြုလွှာများ ထပ်မံခေါ်ယူပြီး ချေးငွေစံသတ်မှတ်ချက်များနှင့် အညီ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေကို စဉ်ဆက်မပြတ် ထုတ်ချေးသွားမည်ဖြစ်ပါကြောင်းနှင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ ထုတ်ချေးရာတွင် ငွေထုတ်ချေးမှုလုပ်ငန်းစဉ်များ အောင်မြင် စွာ အကောင်အထည်ဖော်ရန် ဖွဲ့စည်းထားသောအထောက်အကူပြုအဖွဲ့ (၄) ဖွဲ့နှင့် စီမံကိန်းစီမံ ခန့်ခွဲမှုအဖွဲ့ (Project Management Unit) တို့က ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြဆွေးနွေးကြရန် မှာကြားပါသည်။  

ဆက်လက်၍ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲ့မှုလုပ်ငန်းအဖွဲ့အတွင်းရေးမှူး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက ချေးငွေမူဝါဒနှင့် ချေးငွေ လုပ်ငန်းစဉ်များချမှတ်ရေးအဖွဲ့၏ ဆောင်ရွက်ချက်များကိုလည်းကောင်း၊ အခြားအထောက်အကူပြု အဖွဲ့များမှ ခေါင်းဆောင်များက သက်ဆိုင်ရာအဖွဲ့အလိုက် ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ Project Management Unit ၏ စီမံကိန်းဒါရိုက်တာက ချေးငွေအမှုတွဲများ စိစစ်ပြီးစီးမှုအခြေအနေ များကို ရှင်းလင်းတင်ပြကြပြီး လုပ်ငန်းအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြပါသည်။

အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေး လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) နှင့် မြန်မာနိုင်ငံဘဏ်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်