စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် စစ်တွေမြို့တွင် မိုခါ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့မှုများအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ အခြေအနေများကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ၊ ဩဂုတ် ၁၈ 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် သက်ဆိုင်ရာ ဌာနအကြီးအကဲများ လိုက်ပါလျက် ၁၇-၈-၂၀၂၃ ရက်၊ ၉:၀၀ နာရီတွင် စစ်တွေမြို့၌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ် ဒေသန္တရစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက် မှုများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရေးဆွဲနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန် ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးသည်  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ဌာန/ အဖွဲ့ အစည်းများတွင် တာဝန်ထမ်းဆောင်နေသည့် ပြည်နယ်အဆင့် ၊ ခရိုင်အဆင့်နှင့် မြို့နယ် အဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လက်ရှိ ဘဏ္ဍာရေးနှစ်အတွင်း လျာထားသည့် စီမံကိန်းများကို ထိရောက်စွာ အကောင် အထည်ဖော်ဆောင်ရွက်ရန်၊ စာရင်းဇယားမှန်ကန်ရေးကို အလေးပေး ဆောင်ရွက်ရန်၊ နိုင်ငံ့ ဘဏ္ဍာငွေသုံးစွဲမှုများ စနစ်တကျ ဖြစ်စေရန်၊ စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုများကို မြေပြင် ကွင်းဆင်းစိစစ်ခြင်းများဆောင်ရွက်ရန်နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ တာဝန်ထမ်းဆောင်နိုင်ရေးတို့ကို လမ်းညွှန်မှာကြား၍ ရခိုင်ပြည်နယ် တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအတွက် ဝန်ကြီးဌာနမှ ပံ့ပိုးပေးသည့်  ထောက်ပံ့ ငွေများ ပေးအပ်ပါသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် ၁၈-၈-၂၀၂၃ ရက်နေ့  နံနက်ပိုင်းတွင် မိုခါမုန်တိုင်းကြောင့် ရုံး အဆောက်အဦးနှင့် ဝန်ထမ်းအိမ်ရာများ ပျက်စီးဆုံးရှုံးမှုများအတွက်  ပြင်ဆင် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူဗဟိုပြု စီမံကိန်းများရေးဆွဲနိုင်ရေး၊ နိုင်ငံတော်မှ ချမှတ်ထားသည့် ဦးတည်ချက်များကို စီမံကိန်းများနှင့် ချိတ်ဆက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့အတွက် ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် ဆောင်ရွက်ရန် တို့ကို လမ်းညွှန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
 

,