တံဆိပ်ခေါင်းခွန်

မြန်မာနိုင်ငံ ရုံးခွန်၊ တံဆိပ်ခေါင်းခွန် အက်ဥပဒေစတင်ပြဌာန်းခြင်း

၁။      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မြန်မာနိုင်ငံရုံးခွန်အက်ဥပဒေကို ၁၈၇၀ ပြည့်နှစ် အိန္ဒိယအက်ဥပဒေအမှတ် (၇) ဖြင့်လည်း ကောင်း၊  မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ၁၈၉၉ ခုနှစ် အိန္ဒိယအက်ဥပဒေအမှတ် (၂) ဖြင့်လည်းကောင်း စတင်ပြဌာန်း ကျင့်သုံး ခဲ့ပါသည်။

၂။      ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံစီရင်အုပ်ချုပ်မှု အက်ဥပဒေအရ တောင်တန်းဒေသများဖြစ်သည့် ပြည်နယ်အချို့တွင် အာဏာမတည်ခဲ့သော်လည်း ၂၇-၁၁-၁၉၉၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၈/၉၇ အရ မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ တိုးချဲ့အာဏာသက်ရောက်ခဲ့ပါသည်။

တံဆိပ်ခေါင်းအမျိုးအစားများ

တရားရုံးသုံးတံဆိပ်ခေါင်းနှင့် တရားရုံးသုံးမဟုတ်သော တံဆိပ်ခေါင်းဟူ၍ (၂) မျိုးရှိရာ တရားရုံးသုံးတံဆိပ်ခေါင်းများမှာ ရုံးခွန်နှိပ်နှင့် ရုံးခွန်ကပ် ဖြစ်ပြီး၊ တရားရုံးသုံးမဟုတ်သော တံဆိပ် ခေါင်းများမှာ အခွန်နှိပ်၊ အခွန်ကပ်နှင့် အထူးကပ်တံဆိပ်ခေါင်းများဖြစ်ပါသည်။

တံဆိပ်ခေါင်းခွန်မပါလျှင်-

တံဆိပ်ခေါင်းခွန်ထိုက်သင့်သည့် စာချုပ်စာတမ်းများသည် ထိုက်သင့်သော တံဆိပ်ခေါင်းခွန် ထမ်းဆောင်ထားခြင်းမရှိလျှင် ဥပဒေအရ သက်သေခံ ချက်အဖြစ် လက်ခံခွင့်မရှိ၍ ထိုစာချုပ်စာတမ်း အရဆောင်ရွက်ခြင်း၊ မှတ်ပုံတင်ခြင်း သို့မဟုတ် မှန်ကန်ကြောင်း အသိအမှတ်ပြု သက်သေခံ လက်မှတ် ရေးထိုးခြင်းမပြုရ။

တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည့်အချိန်

မြန်မာနိုင်ငံအတွင်း တံဆိပ်ခေါင်းခွန်ထိုက်သင့်သော စာချုပ်စာတမ်းတစ်ခုခုကို ချုပ်ဆိုသူ မည်သူမဆို စာချုပ်မချုပ်ဆိုမီ သို့မဟုတ် စာချုပ်ချုပ် ဆိုချိန်တွင် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည်ဟု မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေပုဒ်မ ၁၇ တွင် ပြဌာန်းထားပါသည်။ ကပ်နှိပ်လိုသည့် စာချုပ်စာတမ်း/ စာမှတ်စာတမ်းများတင်ပြ၍ ထိုက်သင့်သည့် ရုံးခွန်/ တံဆိပ်ခေါင်းခွန်များကို မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများနှင့် ဗဟိုအရောင်း ကောင်တာများတွင် ဥပဒေ၊ နည်းဥပဒေများနှင့် အညီ လွတ်လပ်စွာဝယ်ယူကပ်နှိပ်နိုင်ပါသည်။