စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၃/၂၀၂၄-၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တက်ရောက်လမ်းညွှန်မှာကြား

နေပြည်တော်၊ အောက်တိုဘာ ၁၀

စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၂၄-၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ ၀၉:၃၀ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေရှိ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ သင်တန်းကျောင်း၌ ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားပါသည်။

သင်တန်းဆင်းပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ပါသည်။

ဒုတိယဝန်ကြီးက နိုင်ငံတော်အနေဖြင့် ယခုကဲ့သို့ သင်တန်းများကို အချိန်ပေး၍ ဖွင့်လှစ်ပို့ချနေခြင်းသည် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက်စေရေးနှင့် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးစေရေးတို့အတွက် အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများသည် သဘောတရားယူဆချက်များ အားကောင်းရန်နှင့် စာရင်း၊ဇယား ကိုင်တွယ်ရာတွင်လည်း စနစ်တကျ သေသပ်စွာကိုင်တွယ်နိုင်ရန် အရေးကြီးကြောင်း၊ အကျိုး၊ အကြောင်းဆီလျော်မှု၊ ချိတ်ဆက်မှုနှင့် မူလပကတိအခြေအနေကို ထင်ဟပ်စေသည့် စိစစ်သုံးသပ်မှုများကို ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မိမိတို့ရာထူးအဆင့်အလိုက် ရှိသင့်ရှိထိုက်သည့် အရည်အချင်း၊ အရည်အသွေးတိုးတက်စေရေးကို လေ့ကျင့်သင်ယူ၍ အချင်းချင်းအပြန်အလှန် ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းစွာဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သင်တန်းပြီးစီး၍ လုပ်ငန်းခွင်သို့ ပြန်လည်တာဝန်ထမ်းဆောင်ရာတွင်လည်း မိမိတို့ အရည်အသွေးကို တောက်ပြောင်အောင် ဆက်လက်လေ့ကျင့်သွားကြရန်၊ ဌာနက အားကိုးအားထားပြုနိုင်သည့် ဝန်ထမ်းများဖြစ်စေရေး ကြိုးစားကြရန်နှင့် စိတ်ဓာတ်၊ စည်းကမ်းကောင်းသည့် ဝန်ထမ်းကောင်းများ ဖြစ်စေရေးအတွက် ဆက်လက်ကြိုးပမ်းသွားကြရန် မှာကြားလိုကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြားပါသည်။

အဆိုပါသင်တန်းကို ရက်သတ္တပတ် ၃ ပတ်ကြာဖွင့်လှစ်ခဲ့ပြီး ရုံးချုပ်နှင့်နေပြည်တော်စီမံကိန်းရုံးများမှ သင်တန်းသား/သူ ၃၅ ဦး တက်ရောက်ကြောင်းသတင်းရရှိပါသည်။

သတင်းစဉ်