“Training on Vital Statistics Analysis and Report Writing for Promoting Statistical Literacy” သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၈-၈-၂၀၂၂ ရက်နေ့ နေ့လယ် (၁၂:၀၀) နာရီ အချိန်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်မှ တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါ သင်တန်းကို ၈-၈-၂၀၂၂ ရက်နေ့မှ ၁၂-၈-၂၀၂၂ ရက်နေ့အထိ ရုံးအမှတ် (၃၂)၊ ဗဟိုစာရင်းအင်းအဖွဲ့၏ သင်တန်းခန်းမ၌ ၅ ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး သင်တန်းနည်းပြဖြစ်သူ ဆရာဦးဦးထွန်းလှိုင် က သင်ကြားပို့ချမည်ဖြစ်ပါသည်။
သင်တန်းဖွင့်လှစ်ရသည့် အဓိကရည်ရွယ်ချက်များမှာ-
မြန်မာနိုင်ငံ၏ မွေးဖွားမှုနှင့်သေဆုံးမှု မှတ်ပုံတင်ခြင်းစနစ် အရေးပါပုံကို ပိုမိုသိရှိနားလည် လာစေရန်၊ နိုင်ငံတကာနှင့်အတူ အဆင့်မီသော မွေးဖွားမှုနှင့် သေဆုံးမှုစာရင်းအင်းများ ထုတ်ပြန် နိုင်စေရန်၊ ဖွား/သေစာရင်းအင်းများ မှန်ကန်စွာရရှိပြီး မွေးနှုန်းကြမ်း၊ သေနှုန်းကြမ်းနှင့် မျှော်မှန်း သက်တမ်းအစရှိသော ဖွား/သေစာရင်းအင်း ညွှန်ကိန်းများကို မှန်ကန်စွာတွက်ချက် ခန့်မှန်းနိုင် စေရန်၊ အရည်အသွေးမီသော ဖွား/သေစာရင်းအင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်စေ ရန်၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဖွား/သေစာရင်းအင်းများ တွက်ချက်ရာတွင် တွက်ချက် သည့် နည်းစနစ်များကို သိရှိနားလည်၍တိကျမှန်ကန်သော ဖွား/သေစာရင်းအင်းများကို ပြုစု ထုတ်ပြန်နိုင်စေရန် ရည်ရွယ်၍ဖွင့်လှစ်ခြင်းဖြစ်ပါသည်။
သင်ကြားပို့ချမည့် ဘာသာရပ်ဆိုင်ရာများမှာ-
ဖွား/သေစာရင်းအင်းအချက်အလက်ရေးသွင်းခြင်းစနစ် (CRVS)မှ ရရှိလာသော မွေးဖွားမှု နှင့် သေဆုံးမှုအချက်အလက်များကို အခြေခံ၍ ဖွား/သေစာရင်းအင်းများ တွက်ချက်ပုံ နည်းလမ်း အဆင့်ဆင့်ကိုစာတွေ့၊ လက်တွေ့ဖြင့်ရှင်းလင်းသင်ကြားပေးခြင်း၊ ဖွား/သေစာရင်းအင်းအစီရင်ခံ စာ (Vital Statistics Report) ထုတ်ပြန်ရာတွင် လိုအပ်သော ခန့်မှန်းချက်များ (Estimations)နှင့် သုံးသပ်ချက်များ(Analysis) ရေးသားခြင်းများကို သင်ကြားပို့ချမည် ဖြစ်ပါသည်။
အဆိုပါသင်တန်းသို့ ဗဟိုစာရင်းအင်းအဖွဲ့မှ ရုံးချုပ်မှ (၁၃) ဦး၊ ဗဟိုစာရင်းအင်းအဖွဲ့ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဖွား/သေ စာရင်းအင်းနယ်ပယ်တွင် လက်တွေ့တာဝန်ယူ ဆောင်ရွက်နေသူ (၂၁) ဦး စုစုပေါင်းအရာထမ်း ၊ အမှုထမ်း (၃၄)ဦး တက်ရောက်ပါသည်။