ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၂/၂၀၂၅ ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကျင်းပ

     ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၂/၂၀၂၅ ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်နေ့ နံနက် ၉:၃၀ အချိန်တွင် ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမင်းထွဋ်က Virtual စနစ်ဖြင့် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

     အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၏ နောက်ဆုံးလသို့ရောက်ရှိပြီဖြစ်သည့်အတွက် ကော်မရှင်နှင့် ကော်မရှင်ရုံးအနေဖြင့် တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ၊ ဆောင်ရွက်ရန်ကျန်ရှိမှုတို့ကို သုံးသပ်ပြီး နှစ်ချုပ်သုံးသပ်ချက်ပြုလုပ်ထားရန်မှာကြားလိုကြောင်း၊ အားနည်းချက်/အားသာချက်များ ဖော်ထုတ်သွားရန်၊ အားနည်းချက်များကို ရှေ့လာမည့်ဘဏ္ဍာနှစ်တွင်ပြုပြင်သွားရန်နှင့် အားသာချက်များကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ဥပဒေပြင်ဆင်ရာတွင် ကော်မရှင်ရုံးအနေဖြင့် ကုမ္ပဏီများအား Audit လုပ်နိုင်သည့် အခြေအနေရောက်ရှိအောင် ပြင်ဆင်ဆောင်ရွက်စေလိုကြောင်း၊ Bond Market ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များ၊ Corporate Bond များ ထုတ်ဝေနိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးရန်လိုအပ်သည်များ ဆွေးနွေးတင်ပြပေးစေ လိုကြောင်း ၊ Bond နှင့် Bill ကို သင့်တင့်သည့် အတိုးနှုန်းတိုးမြှင့် ပေးပါက ရင်းနှီးမြှုပ်နှံသူတိုးလာပြီး Currency in Circulation (CIC) များ လျော့သွားခြင်း၊ Central Bank Borrowing များကျသွားခြင်းနှင့် Inflation များလျော့နည်းသွားခြင်းတို့ ရရှိနိုင်မည်ဖြစ်ကြောင်း၊ အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှပံ့ပိုးပေးလို၍မေးမြန်းသည့်အခါ မည်သည့်အချက်များဆောင်ရွက်သင့်သည်ကို ကြိုတင်စာတမ်းသဘောပြုစုထားရန်လိုအပ်ကြောင်းနှင့် ကော်မရှင်အနေဖြင့် အနာဂတ်တွင်ကြုံတွေ့ရမည့် အခြေအနေများကိုကြိုတင်မျှော်တွေးပြီး ပြင်ဆင်ထားရန်မှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးက ၁/၂၀၂၅ ကြိမ်မြောက် ကော်မရှင်အစည်းအဝေး၏ဆောင်ရွက်ပြီးစီးမှုများကိုတင်ပြခဲ့ပြီး အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။ အစည်းအဝေးကို ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြကာ အစည်းအဝေးကို နံနက် ၁၀:၄၅ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။