ဥပဒေရေးရာဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ

 ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ ဥပဒေရေးရာဆင့်ပွားသင်တန်းကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက် နံနက် ၁၀:၀၀ နာရီ အချိန်တွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 ရှေးဦးစွာ ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၌ တာဝန်ထမ်းဆောင်လျက်ရှိကြသည့် အရာထမ်း၊အမှုထမ်းများအနေဖြင့် မိမိတို့နှင့်သက်ဆိုင်သောလုပ်ငန်းများဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်မြင့်မားလာစေရန် ၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ထုတ်ပြန်ထားသည့်နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေအပါအဝင် အခြားအတည်ပြုပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေ၊နည်းဥပဒေများကိုသိရှိလိုက်နာကျင့်သုံးတတ်စေရန်၊ အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှအရည်အချင်းရှိသည့် ဝန်ထမ်းကောင်းများထွက်ပေါ်လာစေရန်နှင့် နိုင်ငံတော်အစိုးရက ပြဋ္ဌာန်းထုတ်ပြန်ထားသည့်တည်ဆဲဥပဒေများကို ပိုမိုသိရှိနားလည်သဘောပေါက်ပြီး ဥပဒေစည်းမျဉ်းစည်းကမ်းများကို လိုက်နာသောဝန်ထမ်းကောင်းများဖြစ်လာစေရန်ရည်ရွယ်၍ ယခုသင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသင်ကြားရာတွင်လည်း ဥပဒေပိုင်းဆိုင်ရာအတွေ့အကြုံရင်းကျက်ပြီး ဘာသာရပ်ကျွမ်းကျင်သောကော်မရှင်အဖွဲ့ဝင်တစ်ဦးမှ ထိရောက်စွာပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်ကြားပေးသည့်ဘာသာရပ်များအပေါ် အာရုံစိုက်သင်ကြားကြရန်၊ ပညာခေတ်ဖြစ်သည့်အတွက် ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်လျှင်လွယ်ကူချောမွေ့နိုင်ပြီး ဝန်ကြီးဌာနအတွက်သာမက မိမိတို့ဌာနအတွက်ပါ ပုံရိပ်ကောင်းများထွက်လာနိုင်သည့်အတွက် ဂရုတစိုက်လေ့လာသင်ကြားကြရန် တိုက်တွန်းလိုကြောင်းပြောကြားခဲ့ပါသည်။

  ဆက်လက်၍ သင်တန်းပို့ချသင်ကြားမည့် ကော်မရှင်အဖွဲ့ဝင်မှ ဥပဒေ၏သဘောတရားများနှင့် သင်တန်းတွင်သင်ကြားမည့် ဥပဒေဘာသာရပ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

  အဆိုပါသင်တန်းသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ ဒုတိယဦးစီးမှူးအဆင့်မှ လက်ထောက်ညွှန်ကြားရေးမှူးအဆင့်အထိ အရာထမ်း၊ အမှုထမ်း (၃၄) ဦးတက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၁၇) ပတ်ကြာမြင့်မည်ဖြစ်ပါသည်။