(၃၇) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ်ဥက္ကဋ္ဌများ အစည်းအဝေးနှင့် ယင်းအစည်းအဝေးနှင့် ဆက်စပ်ကျင်းပသော အပြည်ပြည်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (37th ASEAN Capital Markets Forum – ACMF Chairs’ Meeting and International Conference) ကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့ တို့တွင် ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ငွေချေး သက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၊ ဉက္ကဋ္ဌ ဉီးမောင်မောင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့သည်။
အစည်းအဝေးသဘာပတိအဖြစ် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ် အလှည့်ကျဉက္ကဋ္ဌ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ Mr. SOU Socheat ကဆောင်ရွက်ပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဘဏ္ဍာရေးအေဂျင်စီမှ Chief Executive Officer Mr. Inarno Djajadi က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ပါသည်။ အစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ အရင်းအနှီးဈေးကွက်ကြီးကြပ်ရေးကော်မရှင်၊ အကြီးအကဲများ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ ကိုယ်စားလှယ်များနှင့် မိတ်ဖက်အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များစုစုပေါင်း (၄၈) ဉီး ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေးတွင် အာဆီယံဒေသတွင်း အရင်းအနှီးဈေးကွက်ဆိုင်ရာအဆင့်မြင့်အရာရှိများ စွမ်းဆောင်ရည် ပိုမိုမြှင့်တင်နိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ သင်တန်း များ၊ အလုပ်ရုံဆွေးနွေးပွဲများ ဖွင့်လှစ်ကျင်းပနိုင်ရေး၊ လုပ်ငန်းခွင်သင်တန်းများ အပြန်အလှန် စေလွှတ်နိုင်ရေး၊ နိုင်ငံတကာဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံမှုစံနှုန်း အခြေခံများဖြစ်သော ဖွင့်ဟ ထုတ်ဖော်မှု စံနှုန်းများသတ်မှတ်နိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်မှုအခြေအနေ၊ အာဆီယံအရင်းအနှီးဈေးကွက်တွင် ကျင့်သုံးနေသည့် အာဆီယံ ငွေချေးစာချုပ်စံနှုန်းများနှင့်သက်ဆိုင်သော ဦးစားပေးဆောင်ရွက်မည့် ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ပိုမိုဆွဲဆောင်မှုရှိစေရန် စုပေါင်းရင်းနှီးမြှုပ်နှံမှုမူဘောင်တွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ ပိုမိုပါဝင်လာစေရေးဆောင်ရွက်မှုအခြေအနေများ၊ အာဆီယံ ဒေသတွင်းနိုင်ငံများရှိ စတော့အိပ်ချိန်းစာရင်းဝင်ကုမ္ပဏီများအား ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အကဲဖြတ်ဆန်းစစ်ချက်အရ အပြီးသတ်ရွေးချယ်ခြင်းခံရသည့်ကုမ္ပဏီများကို ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပမည့်ကိစ္စရပ်များ၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ အာဆီယံ အရင်းအနှီးဈေးကွက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာဆိုင်ရာ အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာခေါင်းစဉ်များအလိုက်ပါဝင်၍ အမြင်ခြင်းဖလှယ်ဆွေးနွေးခဲ့သည်။ ထို့နောက် အာဆီယံအရင်းအနှီးဈေးကွက် ဖိုရမ် အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လက်ရှိဥက္ကဋ္ဌမှ အင်ဒိုနီးရှားနိုင်ငံသို့ လွှဲပြောင်းပေးအပ်ပြီး အစည်းအဝေးကို အောင်မြင်စွာပြီးစီးခဲ့ပါသည်။
အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်၊ အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းကျင်းပသည့် အာဆီယံဒေသတွင်း အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးမှုတိုးမြှင့်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာနှီးနှောဖလှယ်ပွဲကို ကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ကြီးကြပ်ရေးအာဏာပိုင်၊ ဒုတိယဥက္ကဋ္ဌ H.E Mr. Ros Seilave ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်၊ ညွှန်ကြားရေးမှူးချုပ် Mr. Sou Socheat နှင့် အာရှဖွံ့ဖြိုးရေးဘဏ်၊ အရှေ့တောင်အာရှဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Winfried F. Wicklein တို့က အဖွင့်အမှာ စကားများ အသီးသီးပြောကြားခဲ့ကြသည်။ ဆက်လက်၍ ၂၇-၁၀-၂၀၂၂ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် အာဆီယံအရင်းအနှီး ဖိုရမ်ဥက္ကဋ္ဌများအစည်းအဝေးမှ သဘောတူညီခဲ့သည့် The ASEAN Sustainability-Linked Bond Standards ၊ The ASEAN Sustainable and Responsible Fund Standards ၊ The ASEAN CIS Digital Repository နှင့် Legal Wrappers for the SDG Bond Toolkit တို့ကို မိတ်ဆက်တင်ပြခဲ့ရာ အာဆီယံ ၁၀ နိုင်ငံမှ ကော်မရှင်အကြီးအကဲများက စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာမှ အရင်းအနှီးဈေးကွက်ဆိုင်ရာ ပညာရှင် များနှင့် ဈေးကွက်ကျွမ်းကျင်သူများ ပါဝင်သော စားပွဲဝိုင်းဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ခဲ့ သည်။
ယခုဖိုရမ်တွင် ညှိနှိုင်းဆွေးနွေးခဲ့ကြသည့်လုပ်ငန်းစဉ်များကို လာမည့်နှစ်တွင် အင်ဒိုနီးရှား နိုင်ငံ၌ ကျင်းပပြုလုပ်မည့် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးသို့ ဆက်လက် တင်ပြ မည်ဖြစ်သည်။ အာဆီယံအရင်းအနှီးဈေးကွက်များဖိုရမ်သည် ဒေသတွင်းအရင်းအနှီးဈေးကွက်များ ဖွံ့ဖြိုးတိုးတက်လာရေး အာဆီယံနိုင်ငံများမှ အရင်းအနှီးဈေးကွက် စည်းမျဉ်းစည်းကမ်း ထိန်းကျောင်းသူများ (Regulators) ၏ အဆင့်မြင့်ဆွေးနွေးပွဲတစ်ခုဖြစ်သည်။
အဆိုပါ ညီလာခံသို့ Virsual စနစ်ဖြင့် နိုင်ငံတကာမှ အရင်းအနှီးဈေးကွက်ဆိုင်ရာ အဖွဲ့ အစည်းများ၊ ငွေချေးသက်သေခံလက်မှတ်ထုတ်ဝေသူများ၊ ငွေချေးသက်သေခံလက်မှတ် ရင်းနှီးမြှုပ်နှံသူများ၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၊ သုတေသနပညာရှင်များနှင့် စိတ်ပါ ဝင်စားသူများ စုစုပေါင်း (၂၅၈) ဦး ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။