ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၇/၂၀၁၈) ကြိမ်မြောက် အစည်းအဝေး

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၇/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၈ ခုနှစ် မေလ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း    ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တိုးမြှင့်လာ စေရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးမှာကြားခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရန်ကုန် တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅ ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှု ၅ ခုတို့ကို အတည်ပြုပေးခဲ့ပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၈.၈၈၇ သန်းနှင့် မြန်မာကျပ်ငွေ ၈၁၉၃.၈၆၅ သန်း တို့ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း  ၄၀၈၅ ဦး အတွက် ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။

၂၀၁၇ ခုနှစ် သြဂုတ်လမှ ၂၀၁၈ ခုနှစ် မေလ ၂၃ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့် စက်မှုကဏ္ဍနှင့် အခြားဝန်ဆောင်မှု ကဏ္ဍတို့တွင် စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ဂျပန်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ နှင့် British Virgin Islands နိုင်ငံတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၅ ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၁၄ ခု၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၅၉ ခုတို့အား အတည်ပြုမိန့်များ ထုတ်ပေးခဲ့ပြီး၊ မတည်ငွေရင်းပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၈.၁၈၃ သန်း နှင့် မြန်မာကျပ်ငွေ ၃၁၂၅၄.၄၆၅ သန်း၊ အလုပ်အကိုင် အခွင့်အလမ်း ၂၆၁၀၇ ဦး အတွက် ဖန်တီး ပေးနိုင်မည်ဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုသူများအနေဖြင့် မတည်ငွေရင်း ပမာဏအမေရိကန် ဒေါ်လာ ၅ သန်း (သို့)  ကျပ်သန်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အတည်ပြု လျှောက်ထားလွှာ များကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ မြေကွက် အမှတ် ၄၉၊ စိမ်းလဲ့မေလမ်းသွယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊  ရန်ကုန်မြို့ တယ်လီဖုန်းအမှတ် ၉၅-၀၁-၆၅၈၂၆၃ သို့ ဆက်သွယ် မေးမြန်းလျှောက်ထားနိုင်ပါသည်။

 

 

 

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ