ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအစည်းအဝေး (၁/၂၀၂၅) ကျင်းပ

နေပြည်တော် ၊  ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၇ 

ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ (၁/၂၀၂၅) အစည်းအဝေးကို ယနေ့ နေ့လယ် (၁၃:၀၀) နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၂) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ကော်မတီဝင်ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ စီးပွားရေးရာဝန်ကြီးများ၊ စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်မှုသည် ပုံသေဝင်ငွေရရှိသည့် လခစားဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအပေါ် သက်ရောက်မှုကြီးမားကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ 

“နိုင်ငံတော်၏ စီးပွားရေးတိုးတက်စေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး”တွင် နိုင်ငံတော်ဝန်ကြီးချုပ်က အခြေခံစားကုန်များကို အထွက်နှုန်းတိုးတက်ထုတ်လုပ်နိုင်ခြင်းဖြင့် စားသောက်ကုန်များ၏ ဈေးနှုန်းကို သင့်တင့်သော ဈေးနှုန်းများဖြစ်စေရန်၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေးအတွက် ရှိပြီးဖြစ်သည့် အခြေခံကောင်းများကို အသုံးချ၍ ကုန်ထုတ်လုပ်မှုတိုးတက်အောင် ဆောင်ရွက်ရန်နှင့် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်စသည့် သီးနှံများကို တိုးမြှင့်စိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်းတွင် ဆီဖူလုံမှုရှိစေရေး တွန်းအားပေးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ 
နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အတိုးနှုန်းသက်သာသည့် ချေးငွေများနှင့် ကူညီပံ့ပိုးပေးလျက်ရှိကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းစိုက်ဧက ၅ သန်းကျော်အတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၆၈၈ ဘီလီယံ ထုတ်ချေးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးသွင်းအားစုဖြစ်သည့် မြေဩဇာတင်သွင်းခွင့်နှင့် ထုတ်လုပ်ခွင့်လုပ်ငန်းမှတ်ပုံတင်များ ထုတ်ပေးထားပြီး လုပ်ကိုင်ခွင့်ပြုထားပါကြောင်း၊ မွေးမြူရေးကဏ္ဍတွင် တိရစ္ဆာန်အစာနှင့် သားပေါက်များ တင်သွင်းမှုတို့အတွက် ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ဆန်၊ စားသုံးဆီနှင့် အခြေခံစားသောက်ကုန်များကို စားသုံးသူများထံသို့ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်ရေး ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ 
ပြည်တွင်းစားသုံးဆီ တိုးမြှင့်ထုတ်လုပ်ရေး ရင်းနှီးလည်ပတ်ငွေ လိုအပ်ချက်များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေက အတိုးနှုန်းသက်သာသည့် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း၊ ပြည်တွင်းဆီထုတ်လုပ်မှု တိုးတက်လာခြင်းဖြင့် စားသုံးဆီဖူလုံလာပြီး ဈေးနှုန်းတည်ငြိမ်လာမည့်အပြင် ပြည်ပမှစားအုန်းဆီတင်သွင်းမှု ကျဆင်းလာခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းသက်သာလာမည်ဖြစ်ကြောင်း၊
ထို့အပြင် သဘာဝဘေးအန္တရာယ် ကျရောက်မှုများကြောင့် ကုန်ဈေးနှုန်းအပေါ် သက်ရောက်မှု မဖြစ်စေရေးအတွက် ကြပ်မတ်ထိန်းသိမ်းပေးရမည်ဖြစ်ကြောင်း၊ ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမြင့်တက်မှု မဖြစ်ပေါ်စေရေး၊ ဒေသတစ်ခုမှ တစ်ခုသို့ ကုန်စည်စီးဆင်းမှုတွင် အခက်အခဲများမရှိစေရေးအတွက် ကော်မတီဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒေသအလိုက် သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံးက ကြိုတင်စီမံ၍ ပူးပေါင်းဖြေရှင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆန်၊ စားအုန်းဆီအပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးဆောင်ရွက်မှုအခြေအနေ၊ ကုန်စည်များ စီးဝင်၊စီးထွက်မှုအခြေအနေ၊ ငလျင်ဘေးသင့်ဒေသများတွင် အခြေခံစားကုန်များအား ဈေးကားများဖြင့် လှည့်လည်ရောင်းချမှု အခြေအနေတို့ကို ဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဝန်ကြီးချုပ်များ၊ ကော်မတီအဖွဲ့ဝင်များက ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် စားဖိုဆောင်သုံးပစ္စည်းများ၏ ထွက်ရှိမှု၊ ဖူလုံမှု၊ ရောင်းဝယ်မှုအခြေအနေနှင့် တွေ့ကြုံရသည့် အခက်အခဲများ၊ အခြေခံစားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် နေ့စဉ်ကြပ်မတ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။ 
ထို့နောက် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍနှင့် ဒေသအလိုက် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် လိုအပ်ချက်များအား သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍနှင့် အခြားဆက်စပ်ကော်မတီများအကြား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 
ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ စားသုံးဆီ၊ သားငါး၊ ဥနှင့် မီးဖိုချောင်သုံး ကုန်ပစ္စည်းများ ဈေးနှုန်းတည်ငြိမ်ရေး၊ ပြည်တွင်းလိုအပ်ချက်နှင့် ထုတ်လုပ်မှုပမာဏ ညီညွတ်မျှတရေး၊ ကုန်စည်စီးဆင်းမှု အဝင်၊ အထွက်မှန်ကန်ရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်မှုပျက်ပြားစေမည့်ကိစ္စရပ်များအား ဥပဒေနှင့်အညီ ကြီးကြပ်ရေးလုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

သတင်းစဉ်