နေပြည်တော်၊ ဇန်နဝါရီ ၂၀
စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးမွမ်းမံ သင်တန်း အမှတ်စဉ် (၅/၂၀၂၄-၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉:၃၀ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေရှိ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ သင်တန်းကျောင်း၌ ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း တက်ရောက်၍ လမ်းညွှန် အမှာစကား ပြောကြားပါသည်။
သင်တန်းဖွင့်ပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ပါသည်။
ဒုတိယဝန်ကြီးက သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့ရာထူးအလိုက် ရှိသင့်ရှိထိုက်သည့် အရည်အချင်း၊ ကျွမ်းကျင်မှုများရှိရန် လိုအပ်ကြောင်း၊ သို့ဖြစ်ရာ ဌာနတိုင်းအနေဖြင့် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချ၍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများသည် မိမိတို့၏ တာဝန်အသီးသီးကို ကျေပွန်စွာထမ်းဆောင်ရန် လိုအပ်သကဲ့သို့ တစ်ဖက်တွင်လည်း မိမိတို့၏ ကိုယ်ပိုင်အရည်အချင်းနှင့် ကျွမ်းကျင်မှုများ တိုးတက်စေရန် အမြဲလေ့ကျင့်သင်ယူနေရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ဌာနနှင့် သက်ဆိုင်သည့် ဘာသာရပ်ဆိုင်ရာများ၊ ဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတော်က လက်ရှိအလေးထား ဆောင်ရွက်နေသည့် ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းစဉ်များ၊ မြေပြင်တွင် အကောင်အထည်ဖော်နိုင်သည့်စီမံကိန်းများရေးဆွဲနိုင်ရေး၊ မြို့နယ်များတွင် ထားရှိရမည့်စာရင်းများ စနစ်တကျထားရှိရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် သက်ဆိုင်သည့် ကျင့်ဝတ်သိက္ခာနှင့် စည်းမျဉ်းစည်းကမ်း စသည်တို့ကိုသေချာစွာ နားလည်သဘောပေါက်ပြီး လေးစားလိုက်နာရန် လိုအပ်ကြောင်း၊ နိုင်ငံပိုင်အခန်းရင်းနှီးမြှုပ်နှံမှုများနှင့် လုပ်ငန်းစဉ်များကို ချိတ်ဆက်ဆောင်ရွက်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် ၆ ချက်ကို နှလုံးမူပြီး ယုံကြည်ချက်၊ ခံယူချက်၊ စိတ်နေစိတ်ထား ကောင်းမွန်သည့် ဝန်ထမ်းကောင်းများ ဖြစ်စေရေး အတွက်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြားပါသည်။
အဆိုပါ သင်တန်းကို ရက်သတ္တပတ် ၃ ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ် (၈)ခုနှင့် နေပြည်တော်စီမံကိန်းဦးစီးရုံးတို့မှ သင်တန်းသား/သူ ၆၀ ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်