ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

နေပြည်တော်၊ ဇန်နဝါရီလ  ၁၃  
“ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ” ၏ (၁/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄)၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်နှင့် ကော်မတီဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်များ စုံညီစွာတက်ရောက်ပါသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေစနစ်သည် ဝန်ထမ်းများအတွက် ရေရှည်ဆောင်ရွက်သွားရမည့် ကိစ္စဖြစ်ကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသော ပင်စင်စနစ်ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေစနစ် အကောင်အထည်ဖော်ရေးကို ကော်မတီအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ယခုအချိန်ထိ ဆောင်ရွက်ထားရှိမှုများအပေါ် အခြေခံ၍ ဆက်လက်ဆောင်ရွက်ရန် ကိစ္စများ၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသင့်သည့်ကိစ္စများ၊ ရန်ပုံငွေ စနစ်ကျင့်သုံးမည့်ပုံစံနှင့် လိုက်လျောညီထွေဖြစ်မည့် ဥပဒေကြမ်းဖြစ်ရေးအတွက် လိုအပ်သည်များ ပြင်ဆင်၊ ဖြည့်စွက်ပြီး ပြန်လည်တင်ပြနိုင်ရေး ဆက်လက်ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း  ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ဆက်လက်ညှိနှိုင်းဆွေးနွေးကြရန် ဖြစ်ကြောင်းစသည်ဖြင့် ပြောကြားပါသည်။
ဆက်လက်၍ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ အတွင်းရေးမှူး၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေစနစ် ထူထောင်ဆောင်ရွက်ရာတွင် နောက်ဆုံးဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။ အကြံပြုဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌက သုံးသပ်ဆွေးနွေး၍ နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

သတင်းစဉ်