ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ရန်ကုန်မြို့ရှိ ဝန်ကြီးဌာန၏ ရုံးအဆောက်အဦများအား ကြည့်ရှုစစ်ဆေး

ရန်ကုန်   ဒီဇင်ဘာ  ၇

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် သည် ဒီဇင်ဘာ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ကမ်းနားလမ်းနှင့် လသာလမ်းထောင့်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) အဆောက်အဦအကြီးစားပြုပြင်နေမှုနှင့်  ဗိုလ်အောင်ကျော်လမ်းရှိ စီမံကိန်းရေးဆွဲရေးအဆောက်အဦတို့အား ကြည့်ရှုစစ်ဆေးပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူကြီးကြပ်ဆောင်ရွက်နေသည့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) လသာလမ်းအဆောက်အဦတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာနမှ တာဝန်ရှိသူများက အကြီးစားပြုပြင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အဆောက်အဦအကြီးစား ပြင်ဆင်မှုအား စံချိန်စံညွှန်းမီစွာဖြင့် သတ်မှတ်ချိန်အတိုင်း ပြီးစီးအောင်ဆောင်ရွက်ရန်၊ မူလပုံစံမပျက်စေဘဲ စနစ်တကျပြုပြင်ဆောင်ရွက်ရန် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး ဂရုပြုဆောင်ရွက်ရန်တို့အား လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဗိုလ်အောင်ကျော်လမ်းရှိ စီမံကိန်းရေးဆွဲရေးဦးစီးဌာန အဆောက်အဦသို့ ရောက်ရှိရာ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောက်တံတားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက အဆောက်အဦ၏လက်ရှိအခြေအနေနှင့် ဆက်လက်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဆောင်ရွက်ရမည့်ကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရန်၊ အန္တရာယ်ကင်းရှင်းရေးကို ဂရုပြုဆောင်ရွက်ရန်၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်၍ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
    
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သို့ ရောက်ရှိပြီး မော်ကွန်းပြခန်း၊ သုတေသီဝန်ဆောင်မှုခန်း၊ မော်ကွန်း/မှတ်တမ်းခန်းများ၊ Digitization ခန်း၊ Micro Film ရိုက်ကူးခန်း၊ မော်ကွန်းပြုပြင်ထိန်းသိမ်းခန်းနှင့် ရုံးအဆောက်အဦများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ရုံးခွဲမှ ဝန်ထမ်းများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ ဦးစီးဌာနများမှ တိုင်းတာဝန်ခံများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားခြင်း၊ ဌာနများ၏တင်ပြ ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။                                                

သတင်းစဉ်