နေပြည်တော် အောက်တိုဘာ ၂၄
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၏ (၄/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၂) အစည်းအဝေးခန်း၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်းတို့မှ လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
ရှေးဦးစွာ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့အနေဖြင့် (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ၂၃-၇-၂၀၂၄ ရက်နေ့တွင် ကျင်းပခဲ့ပြီး ယနေ့တွင် (၄/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း၊ မိမိတို့အဖွဲ့အနေဖြင့် အစည်းအဝေးများကို (၂) လ (၁) ကြိမ် ပုံမှန်ကျင်းပလျက် ရှိပါကြောင်း၊ ထိုသို့ကျင်းပခြင်းအားဖြင့် အထောက်အကူပြု လုပ်ငန်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိနိုင်ခြင်း၊ မိမိတို့အဖွဲ့အနေဖြင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးနိုင်ခြင်းတို့ကြောင့် အစည်းအဝေးများကို ပုံမှန်ကျင်းပရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီအနေဖြင့်လည်း အစည်းအဝေးများကို ပုံမှန် ကျင်းပလေ့ရှိရာ (၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ၁၀-၁၀-၂၀၂၄ ရက်နေ့တွင် ကျင်းပခဲ့ ကြောင်း၊ အဆိုပါ အစည်းအဝေးတွင် မိမိတို့အဖွဲ့၏ အထောက်အကူပြုလုပ်ငန်းအဖွဲ့တစ်ဖွဲ့ ဖြစ်သော သက်ရောက်မှုများအား ဆန်းစစ်သုံးသပ်ရေး လုပ်ငန်းအဖွဲ့က ပြုစုဖော်ထုတ်ထားသည့် MSME လုပ်ငန်း (၃) မျိုး၏ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများနှင့် ပတ်ဝန်းကျင်ထိခိုက်မှု လျော့ပါးစေရေး နည်းလမ်းများကို တင်ပြခဲ့ပါကြောင်း၊ အမှာစာတင်ပြရခြင်း၏ ရည်ရွယ်ချက်မှာ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းများ ဆောင်ရွက်ခြင်းကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်ရန်အတွက် ပတ်ဝန်းကျင်ထိခိုက်မှု လျော့ပါးစေရေး နည်းလမ်းများကို သက်ဆိုင်ရာဌာနများသို့ ဖြန့်ဝေနိုင်ရန် ဖော်ထုတ်တင်ပြခဲ့ခြင်း ဖြစ်ကြောင်း၊ မိမိတို့ အထောက်အကူပြု အဖွဲ့များအနေဖြင့် အစီရင်ခံစာများ ပြုစုတင်ပြရာမှာ Primary Data များကောက်ယူ၍ အစီရင်ခံစာ ပြုစုတင်ပြခြင်းသာမက OECD အစီရင်ခံစာ ကဲ့သို့သော Secondary Data များ အသုံးပြုပြီး ပြုစုတင်ပြလျှင်လည်း တစ်ဖက်တစ်လမ်းမှ အကျိုးရှိမည်ဖြစ်ကြောင်း၊ မိမိတို့အဖွဲ့အနေဖြင့် အထောက်အကူပြုအဖွဲ့များမှ တင်ပြလာသည့် အစီရင်ခံစာများကို လုပ်ငန်းကော်မတီသို့ ပေးပို့တင်ပြခြင်း၊ လုပ်ငန်းကော်မတီ အစည်းအဝေး များတွင် အမှာစာအနေဖြင့် ဖတ်ကြားတင်ပြခြင်းများ အလျဉ်းသင့်သလို ဆောင်ရွက်လျက်ရှိ ကြောင်း၊ မိမိတို့အဖွဲ့၏ (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးနောက်ပိုင်း ကနဦးလေ့လာ သုံးသပ်ရေးလုပ်ငန်းအဖွဲ့က တင်ပြထားသည့် “စောနေလ စားသောက်ကုန် လုပ်ငန်းနှင့် Sky Fruit သစ်သီးဖျော်ရည်/ ယိုမျိုးစုံလုပ်ငန်း” တို့အား ကွင်းဆင်းလေ့လာခဲ့သည့် အစီရင်ခံစာနှင့် ဖွံ့ဖြိုး တိုးတက်မှုအခြေအနေများ လေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့က တင်ပြထားသည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီလမှ မတ်လကုန်အထိ MSME လုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ လေ့လာတွေ့ရှိချက် အစီရင်ခံစာ၊ စုစုပေါင်း အစီရင်ခံစာ (၂) စောင် တင်ပြထားတာရှိကြောင်း၊ လုပ်ငန်းအစီအစဉ် (Timeline and Schedule) အရ ဆက်လက်တင်ပြမည့် အစီရင်ခံစာများလည်း ရှိကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့အဖွဲ့အနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေမည့် အစီရင်ခံစာများ လုပ်ငန်းကော်မတီသို့ စဉ်ဆက်မပြတ် တင်ပြနိုင်ရေး၊ အစီရင်ခံစာများတွင် အချက်အလက်များ ခိုင်မာပြည့်စုံမှုရှိစေရေး အလေးထားဆောင်ရွက်ရန်နှင့် လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့အနေဖြင့် ဆက်လက်ဆောင်ရွက်သင့်သည်များကိုလည်း အစည်းအဝေးတက်ရောက်လာသူများမှ ရင်းနှီးပွင့်လင်းစွာ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေ လိုကြောင်း ပြောကြားပါသည်။
ထို့နောက် လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ အတွင်းရေးမှူးက လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၏ (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ပြီးစီးမှုအခြေအနေများနှင့် လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက် များအား ရှင်းလင်းတင်ပြပြီး အထောက်အကူပြုလုပ်ငန်းအဖွဲ့ (၄)ဖွဲ့က အဖွဲ့တစ်ခုချင်းအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပါသည်။
ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ယနေ့အစည်းအဝေးတွင် မိမိတို့ အဖွဲ့အနေဖြင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ ကြောင်း၊ နိုင်ငံတော်၏ မူဝါဒတစ်ခုဖြစ်သော MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့အနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အဖွဲ့အား ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်စွာဆောင်ရွက်နိုင်ရေးနှင့် မိမိတို့အဖွဲ့၏ အစီရင်ခံစာများကို လုပ်ငန်း ကော်မတီသို့ တင်ပြနိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များကို ယခုကဲ့သို့ဆွေးနွေးနိုင်ရန် အစည်း အဝေးကို (၂) လ (၁) ကြိမ်ခန့် ကျင်းပရန်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
သတင်းစဉ်