နေပြည်တော်၊ အောက်တိုဘာ ၄
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ၏ (၃၁) ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ စီမံကိန်းဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ် တက်ရောက် အမှာစကားပြောကြားသည်။
ဦးစွာ ဒုတိယဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့် ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ၌ စတင်ခဲ့ပြီး အတိုးနှုန်းသက်သာစွာဖြင့် နှစ်တို ၃ နှစ်၊ နှစ်ရှည် ၅ နှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ချေးငွေများထုတ်ချေးပေးလျက်ရှိကြောင်း၊ စီမံကိန်း စတင်သည်မှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ၁၄ ခုနှင့် မြို့နယ် ၁၈၇ ခုတို့မှ တောင်သူ ၅၇၉၀ ဦးတို့အား ချေးငွေ ကျပ် ၂၄၄၄၁၃.၀၇၂ သန်း ထုတ်ချေးပေးထားပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး/ပြည်နယ် ၄ ခုတို့ရှိ မြို့နယ် ၁၂ ခု တို့မှ တောင်သူ ၃၅ ဦးတို့အား ချေးငွေ ကျပ် ၂၄၄၆.၂၀ သန်း ထုတ်ချေးထားပြီးဖြစ် ကြောင်း၊ ချေးငွေရယူလိုသည့်တောင်သူများသို့ ချေးငွေသစ်များ စဉ်ဆက်မပြတ် ထုတ်ချေးနိုင်ရေး နှင့် ချေးငွေပမာဏ တိုးမြှင့်ထုတ်ချေးနိုင်ရေးတို့ကို စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ချေးငွေအစီ အစဉ်ကောင်းမွန်စွာလည်ပတ်နိုင်ခြင်းဖြင့် တောင်သူများ၏ဝင်ငွေ တိုးတက်လာစေပြီး လယ်ယာ ကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) နှင့် ဘဏ်ခွဲအဆင့်ဆင့်အနေဖြင့် Evaluation & Monitoring ကို စဉ်ဆက်မပြတ်ပြုလုပ်ပြီး ချေးငွေ ကြွေးကျန်ကျဆင်းရေးအတွက် နည်းလမ်းများရှာကြံဆောင်ရွက်ရန်၊ စီမံကိန်းအောင်မြင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက် သွားရန်၊ ချေးငွေအစီအစဉ်တွင် လယ်ယာသုံးစက်ကိရိယာ ပါဝင်ရောင်းချသည့် ကုမ္ပဏီများအနေ ဖြင့်လည်း လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ် ကြောင်း ဆွေးနွေး မှာကြားသည်။
ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် တာဝန် ရှိသူများက Two Step Loan ချေးငွေထုတ်ချေးထားမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွား မည့်အစီအစဉ်များအား တင်ပြဆွေးနွေးကြပါသည်။
အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဦးဆောင်ကော်မတီအဖွဲ့ဝင်များ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်