စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ခရိုင်နှင့်မြို့နယ်တာဝန်ခံများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး မွမ်းမံသင်တန်း (၁/၂၀၂၄-၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက် လမ်းညွှန်မှာကြား

နေပြည်တော်၊ ဇူလိုင် ၁၅
    စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ခရိုင်နှင့်မြို့နယ်တာဝန်ခံများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး မွမ်းမံသင်တန်း (၁/၂၀၂၄-၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေရှိ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ သင်တန်းကျောင်း ၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန် တက်ရောက်၍ လမ်းညွှန် အမှာစကားပြောကြားပါသည်။
 သင်တန်းဖွင့်ပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ညွှန်ကြားရေးမှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြား ရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ပါသည်။
  ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက သင်တန်းဖွင့် အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ ဝန်ကြီးဌာနများအပါအဝင် အစိုးရအဖွဲ့များ ရပ်တည်လှုပ်ရှားမှုအပိုင်းမှာ  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် အဓိက အခန်းကဏ္ဍမှ အကောင်အထည်ဖော် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံအတွက် အဓိကယန္တရားတစ်ရပ်အနေဖြင့် ဆောင်ရွက်နေသည့်  နိုင်ငံတော်၏ ဘဏ္ဍာရေးမူဝါဒကို ထိန်းကျောင်းဆောင်ရွက်ရာမှာ ရည်မှန်းချက်၊ မူဝါဒနှင့် လိုက်လျောညီထွေရှိသည့် စီမံကိန်း များကို ယှဉ်တွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ အရေးကြီးသည့် အခန်းကဏ္ဍတွင် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် အရည်အသွေး၊ အရည်အချင်း ပြည့်ဝရန် အရေးကြီးပါကြောင်း၊ သင်ကြားလေ့ကျင့်မှုသည် အရည်အသွေး၊ အရည်အချင်းပြည့်ဝရန် ဖြစ်ပြီး လုပ်ငန်းဆောင်တာများ ပိုမိုဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ လူသားအရင်းအမြစ် HR ခေါ်သည့် Human Resources သည် အရေးကြီးပါကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနအောက်တွင် တာဝန်ထမ်းဆောင်သည့်သူများသည် အသိပညာပိုင်းဆိုင်ရာ တာဝန်ထမ်း ဆောင်မှုတွင် ကွဲပြားခြားနားပြီး မတူကွဲပြားသည့် သဘောသဘာဝရှိသဖြင့် ဌာနများ၏ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုများအတွက် ဆက်စပ် လေ့ကျင့်ပေးရခြင်းမှာ အဓိကကျသည့် အခန်းကဏ္ဍမှပါဝင်ကြောင်း၊ နိုင်ငံတော်အနေနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးကို အလေးအနက်ထား၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အောက်ခြေမှ စီမံကိန်းရေးဆွဲ ခြင်း (Bottom-up Planning)မှာ ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အခြေခံလိုအပ် ချက်များကို နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒ၊ ရည်မှန်းချက်များနှင့် ဆီလျော်စွာရေးဆွဲနိုင် ရေးအတွက် လိုအပ်ကြောင်း၊ နိုင်ငံတော်မှ ချမှတ်ဆောင်ရွက်နေသည့် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် အစီအစဉ်များ ကို ပိုမိုသိရှိနားလည်ရန် လိုအပ်ကြောင်း၊  ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာမှာ  အဓိကညွှန်ကိန်းဖြစ်သည့်   ဂျီဒီပီကို ခေတ်နှင့်အညီ ပြောင်းလဲလာသည့် နည်းပညာအခြေခံ တွက်ချက်မှုများနှင့် ပေါင်းစပ်ပြီး မျက်ခြည်မပြတ် လေ့လာသိရှိရန်နှင့် သင်ယူလိုစိတ်၊ ဆည်းပူးလိုစိတ်၊ လေ့လာလိုစိတ်များဖြင့် မိမိတို့၏ အရည်အသွေးများ ပိုမိုတိုးတက်စေရေးကို ကြိုးပမ်းရမှာဖြစ်ကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြားပါသည်။
အဆိုပါ သင်တန်းကို ရက်သတ္တပတ် ၃ ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး ခရိုင်နှင့် မြို့နယ် စီမံကိန်းဦးစီးရုံးများမှ သင်တန်းသား/သူ ၄၆ ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်