စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့်ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော်၊ မတ် ၂၆
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်‌ချေးငွေစီမံကိန်း   ဦးဆောင်ကော်မတီ၏ (၃၀)ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ရာ စီမံကိန်းဦးဆောင်ကော်မတီဥက္ကဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်ဆွေးနွေးမှာကြားသည်။
ဒုတိယဝန်ကြီးကဆွေးနွေးပြောကြားရာတွင် စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့် ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင်စတင်ခဲ့ပြီး အတိုးနှုန်းသက်သာစွာဖြင့် တောင်သူတစ် ဦးချင်းကို ကျပ်သိန်း (၇၀၀) အထိ ချေးငွေများအား နှစ်တို(၃)နှစ်၊ နှစ်ရှည် (၅)နှစ် အရစ်ကျပြန်ဆပ် စနစ်ဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း၊ စီမံကိန်းစတင်သည်မှ ၂၀၂၄ ခုနှစ်၊ မတ်လ(၁၈)ရက်နေ့ထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်(၁၄)ခု၊ မြို့နယ်(၁၈၇)ခုမှ တောင်သူ (၅၇၁၆)ဦး သို့ ချေးငွေကျပ် (၂၃၉၂၆၁.၇၄၂) သန်း ထုတ်ချေးပေးထားပြီး ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်းတွင် တိုင်း ဒေသကြီး/ ပြည်နယ်(၁၀)ခုရှိ မြို့နယ်(၃၀)မြို့နယ်မှ တောင်သူ(၅၉)ဦးသို့ ချေးငွေကျပ် (၃၉၅၃.၂၁၄) သန်း ထုတ်ချေးခဲ့ပါကြောင်း၊ ချေးငွေရယူလိုသည့် တောင်သူများသို့ ချေးငွေသစ်များ စဉ်ဆက်မပြတ် ထုတ်ချေးနိုင်ရန်နှင့် ချေးငွေပမာဏ တိုးမြှင့်ထုတ်ချေးနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ချေးငွေအစီအစဉ် ကောင်းမွန်စွာ လည်ပတ် နိုင်ခြင်းဖြင့် တောင်သူများ၏ ဝင်ငွေတိုးတက်လာစေပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)နှင့် ဘဏ်ခွဲအဆင့်ဆင့်အနေဖြင့် Evaluation & Monitoring ကို စဉ်ဆက်မပြတ် ပြုလုပ် ရန်လိုအပ်ကြောင်း၊ စီမံကိန်းအောင်မြင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ချေးငွေအစီအစဉ် တွင် လယ်ယာသုံးစက်ကိရိယာ ပါဝင်ရောင်းချသည့် ကုမ္ပဏီများအနေဖြင့်လည်း လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း စသည်ဖြင့် ဆွေးနွေး မှာကြားပါသည်။ 
ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် တာဝန် ရှိသူများက Two Step Loan ချေးငွေထုတ်ချေးထားမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား တင်ပြဆွေးနွေးကြပါသည်။
အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဦးဆောင်ကော်မတီအဖွဲ့ဝင်များ   စုံညီစွာတက်ရောက်ကြကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်