အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း သုံးသပ်မှု အစီရင်ခံရေးအဖွဲ့၏ (၂/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၃

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း သုံးသပ်မှု အစီရင်ခံရေးအဖွဲ့၏ (၂/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ မတ် ၃ ရက် နံနက်ပိုင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၂) အစည်းအဝေးခန်း၌ ကျင်းပခဲ့သည်။
အစည်းအဝေးသို့ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းတို့မှ လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေး အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ၅-၁-၂၀၂၃ ရက်တွင် ကျင်းပခဲ့ပြီး (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ ခေါ်ယူကျင်းပခြင်းဖြစ်ကြောင်း၊ လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့အနေဖြင့် လုပ်ငန်းများ အရှိန်မြှင့် တိုးတက်ဆောင်ရွက်ရန်နှင့် MSME လုပ်ငန်းများ တိုးတက်အောင်မြင်နိုင်ရေးအတွက် အထောက်အကူပြုနိုင်သည့် အစီရင်ခံစာများ ပြုစုတင်ပြရန် လိုအပ်ကြောင်း၊ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးတွင် လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၏ လုပ်ငန်းတာဝန် (၈) ရပ်အား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းရန် ဆွေးနွေးခဲ့ပြီး အဖွဲ့ဝင်များသို့ သဘောထားမှတ်ချက်တောင်းခံခဲ့ကြောင်း၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့က လုပ်ငန်းကော်မတီသို့ ကနဦးအစီရင်ခံစာ တင်ပြရမည့် ကာလတို့ကို သတ်မှတ်ရန် လိုအပ်ကြောင်း၊ ယနေ့ အစည်းအဝေးတွင် လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၏ အထောက်အကူပြုလုပ်ငန်းအဖွဲ့များ အပြီးသတ်ဖွဲ့စည်းရေးနှင့် ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အဖွဲ့ဝင်များက ရင်းနှီးပွင့်လင်းစွာ ဝိုင်းဝန်းဆွေးနွေး ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ အတွင်းရေးမှူး၊ စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှု အစီရင်ခံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွဲ့ဝင်များ၏ သဘောထားမှတ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြမှုအပေါ် အစည်းအဝေးတက်ရောက်သူများမှ ဝိုင်းဝန်းဆွေးနွေးကြသည်။
ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ပေါင်းစပ်ညှိနှိုင်းရမည့်ကိစ္စရပ်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။