အခြေခံအဆောက်အအုံဆိုင်ရာစီမံကိန်းများ အကောင်အထည်ဖော်မှုတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆို

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် စင်ကာပူသမ္မတနိုင်ငံ Infrastructure Asia (Infra Asia) တို့မှ အဆင့်မြင့်ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံ ဆိုင်ရာစီမံကိန်းများ အကောင်အထည်ဖော်မှုတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ သဘောတူစာချုပ်ကို နေပြည်တော်၊ ရုံးအမှတ် ၂၆ ရှိ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမတွင် ၂၇-၅-၂၀၂၀ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ၌ Virtual Signing ဖြင့် လက်မှတ်ရေးထိုးခဲ့ကြပါသည်။

သဘောတူစာချုပ်အား လက်မှတ်ရေးထိုးခြင်းမပြုမီ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းနှင့် စင်ကာပူသမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီး၊ ပညာရေးနှင့် ဘဏ္ဍာရေး ဒုတိယမြောက်ဝန်ကြီး Ms. Indranee Rajah တို့က အမှာစကားများ ပြောကြားခဲ့ကြပါသည်။

ထို့နောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်သွေးသွေးချစ်နှင့် စင်ကာပူသမ္မတနိုင်ငံ Infrastructure Asia (Infra Asia) ကိုယ်စား  Executive Director Mr. Seth Tan တို့က မြန်မာနိုင်ငံတွင် အခြေခံ အဆောက်အအုံဆိုင်ရာ စီမံကိန်းများအကောင်အထည်ဖော်မှု တိုးတက်စေရေး ပူးပေါင်း ဆောင်ရွက်ခြင်းဆိုင်ရာ သဘောတူစာချုပ်ကို နှစ်နိုင်ငံဝန်ကြီးများရှေ့မှောက်တွင် Virtual Signing ဖြင့် လက်မှတ် ရေးထိုးခဲ့ကြပါသည်။

အဆိုပါ သဘောတူစာချုပ်အရ စီမံကိန်းဘဏ် (Project Bank) အတွင်းရှိ မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံဆိုင်ရာစီမံကိန်းများကို ဈေးကွက်ဖွင့်မြှင့်တင်ရန်နှင့် ပုံဖော်ဆောင်ရွက် ရေးအတွက် အတွေ့အကြုံကောင်းများ၊ အဖွဲ့အစည်းပိုင်းဆိုင်ရာဗဟုသုတများ ဖလှယ်ခြင်း၊ စီမံကိန်းကြိုတင်ပြင်ဆင်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းများအတွက် ရင်းနှီးမြှုပ်နှံသူများ၊ ငွေကြေးထည့်ဝင်လိုသူများ၊ ကျွမ်းကျင်ဝန်ဆောင်မှုများ သို့မဟုတ် နည်းပညာပိုင်း ပံ့ပိုးပေးနိုင်သူ များနှင့် ရှာဖွေချိတ်ဆက်ပေးခြင်းနှင့် နိုင်ငံတကာအဆင့်မီ တင်ဒါခေါ်ယူခြင်းတို့တွင် ပံ့ပိုး ကူညီခြင်းတို့ကို ဆောင်ရွက်ကြမည်ဖြစ်ပါသည်။ 

သဘောတူစာချုပ်အား Virtual Signing ဖြင့် လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများဖြစ်ကြသော ဉီးဆက်အောင်နှင့် ဒေါက်တာ မင်းရဲပိုင်ဟိန်း၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စင်ကာပူသမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်ရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာစင်ကာပူသံအမတ်ကြီးနှင့်Infrastructure Asia မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း  သတင်းရရှိသည်။

သတင်းစဉ်