စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းနှင့် ထိုင်းနိုင်ငံပိုင် Road Accident VICTIMS Protection Co.,Ltd. (RVP), Thai General Insurance Association (TGIA) တို့အကြား နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးပွဲအခမ်းအနားကို မြန်မာ့အာမခံ လုပ်ငန်း ရုံးချုပ်(ရန်ကုန်)၌ ယနေ့ (၁၂.၃.၂၀၁၉) ရက်နေ့ နံနက်(၁၁:၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးဇော်နိုင်၊ မြန်မာ့အာမခံ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦး၊ ထိုင်းနိုင်ငံ Road Accident VICTIMS Protection Co.,Ltd. (RVP) ၏ ဦးဆောင်ညွှန်ကြားရေးမှူး Mr. Nopadol Santipakorn နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြပါသည်။
အဆိုပါအခမ်းအနားတွင် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဇော်နိုင်၊ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးနှင့် ထိုင်းနိုင်ငံ Road Accident VICTIMS Protection Co.,Ltd. (RVP) ၏ ဦးဆောင်ညွှန်ကြားရေးမှူး Mr.Nopadol Santipakorn တို့ကအမှာစကားအသီးသီးပြောကြားရာတွင် ယခုMoU ရေးထိုးပွဲသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြားပူးပေါင်းဆောင်ရွက်မှု၏ရလဒ်ဖြစ်သော နယ်စပ်ဖြတ်ကျော်ယာဉ်များအတွက် မထားမနေရသူတစ်ပါးထိခိုက်မှုအာမခံလုပ်ငန်း ဆောင်ရွက်ရန်အတွက် အကျိုးကျေးဇူးတစ်ခုပင်ဖြစ်ကြောင်းနှင့် အာဆီယံနိုင်ငံများအတွင်း အာမခံလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုအတွက် အစိတ်အပိုင်းတစ်ခုလည်းဖြစ်ကြောင်း ပြောကြားသွားပါသည်။
ယင်းနောက်နားလည်မှုစာချွန်လွှာအား မြန်မာ့အာမခံလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦး နှင့် ထိုင်းနိုင်ငံ Road Accident VICTIMS Protection Co.,Ltd. (RVP) ၏ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Mr. Nopadol Santipakorn တို့ကအသီးသီး လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြပါသည်။