စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် ၊  မေ ၃၀ 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသောစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်‌ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ၏ (၃၃) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်း/မွန်းလွဲပိုင်းတွင်  ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ရာ စီမံကိန်းဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ် တက်ရောက်ပါသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့် ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင်စတင်ခဲ့ပြီး အတိုးနှုန်းသက်သာစွာဖြင့် နှစ်တို (၃) နှစ်၊ နှစ်ရှည် (၅) နှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ချေးငွေများထုတ်ချေးပေးလျက်ရှိကြောင်း၊ စီမံကိန်းစတင်သည်မှ ၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀ ရက်အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၄) ခု၊ မြို့နယ် (၁၈၇) ခုမှ တောင်သူ (၅၈၁၆) ဦး သို့ ချေးငွေကျပ် (၂၄၇၄၄၈.၀၇) သန်း ထုတ်ချေးပေးထားပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး/ပြည်နယ် (၄) ခုရှိ မြို့နယ် (၁၉) ခုမှ တောင်သူ (၆၁) ဦးသို့ ချေးငွေကျပ် (၅၄၈၁.၂၀) သန်း ထုတ်ချေးခဲ့ကြောင်း၊ ချေးငွေရယူ လိုသည့်တောင်သူများသို့ ချေးငွေသစ်များ စဉ်ဆက်မပြတ်ထုတ်ချေးနိုင်ရေး စိစစ်ဆောင်ရွက် လျက်ရှိကြောင်း၊ ချေးငွေစည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်သည့် ချေးငွေလျှောက်ထားသူ တောင်သူများအား စိုက်ပျိုး/ရိတ်သိမ်းချိန်အမီ ချေးငွေများကို တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် စနစ်တကျစိစစ်ထုတ်ချေးနိုင်စေရေး တာဝန်ရှိသူများက စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်ပေး ရန် လိုအပ်ကြောင်း၊ ချေးငွေအစီအစဉ် ကောင်းမွန်စွာလည်ပတ်နိုင်ခြင်းဖြင့် တောင်သူများ၏ ဝင်ငွေတိုးတက်လာစေပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) နှင့် ဘဏ်ခွဲအဆင့်ဆင့်အနေဖြင့် အချိန်စေ့လွန်ပျက်ကွက် သည့် ချေးငွေကြွေးကျန်များ မဖြစ်ပေါ်စေရေးအတွက် ချေးငွေပြန်လည်ပေးဆပ်ရန် သတ်မှတ် ကာလအား နည်းလမ်းရှာကြံဆောင်ရွက်ရန်၊ စီမံကိန်းအောင်မြင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်သွားရန်၊ ချေးငွေ အစီအစဉ်တွင် လယ်ယာသုံးစက်ကိရိယာများ ပါဝင်ရောင်းချသည့် ကုမ္ပဏီများအနေဖြင့်လည်း လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပါသည်။ 

ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် တာဝန်ရှိသူများက Two Step Loan ချေးငွေထုတ်ချေးထားမှုအခြေအနေနှင့် ဆက်လက်ဆောင် ရွက်မည့်အစီအစဉ်များအား တင်ပြဆွေးနွေးကြပါသည်။အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဦးဆောင်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


သတင်းစဉ်